တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာယန္တရားအားလုံးနီးပါး ရပ်ဆိုင်း

နိုဝင်ဘာ ၁၆

ကရင်နီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာနေတာ ခြောက်ရက်ဆက်ရှိလာပြီဖြစ်တဲ့ ကရင်နီ (ကယား )ပြည်နယ် အုပ်ချုပ်ရေးရုံးစိုက်ရာ လွိုင်ကော်မြို့မှာ ဆေးရုံတရုံကလွဲပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ယန္တရား တွေအားလုံး ရပ်ဆိုင်းနေပြီလို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“တခုမှလည်ပတ်လို့မရတော့ဘူး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဌာနဝန်ထမ်းတော်တော်များ များက လည်း အပြင်(မြို့ပြင်) ထွက်လာတာတွေရှိတယ်၊ ဆေးရုံတွေမှာဆိုလည်း ဆရာဝန်တွေ မရှိတော့ဘူး” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ကရင်နီပူးပေါင်းတပ်တွေက တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးအဖြစ် အခုလ ၁၁ ရက်ကတည်းက လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လွိုင်ကော်မြို့ပေါ်ရှိ အကျဥ်းထောင်နဲ့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတို့ပါ တိုက်ခိုက်ခံနေရတဲ့အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာကနေ ထုတ်ပြန် ပြော ဆိုထားပါတယ်။

“ရုံးတွေကတော့ အကုန်ပိတ်ထားလိုက်ပြီ၊ ဆေးရုံက ပိတ်တော့မပိတ်ဘူး၊ ပို့စရာဧည့်သည်(လူနာ) ရှိရင်တော့ အဲ့ကိုပဲ ပို့နေကြတယ်၊ အရမ်းတော့ အဆင်မပြေဘူး၊ လောလောဆယ် သက်သာရုံလောက်ပဲ ဆရာဝန်တွေက တယောက်စ၊ နှစ်ယောက်စတော့ ရှိအုံးမယ်ထင်တယ်” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတဦးကလည်း ပြောပါ တယ်။

ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ရုံးထိုင်ပြီး ပြည်နယ်ရဲ့ စစ်ရေးကို ကွပ်ကဲတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လည်း အခြေစိုက်သလို အခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေလည်း အများအပြားရှိနေတာပါ။

ဒါပေမယ့် ကရင်နီတော်လှန်ရေးတပ်တွေဟာ လွိုင်ကော်မြို့တွင်းတိုက်ပွဲ လေးရက်မြောက် နိုဝင်ဘာ ၁၄ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

အဲ့ဒိတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့အပါအဝင် တရာကျော်သေဆုံးခဲ့ပြီး ၃၂ဦး လက်နက်ချခဲ့ကာ လက်နက်မျိုးစုံ တရာကျော်သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDF ကမနေ့က ရုပ်သံ၊ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

KNDF က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်ဟာ လွိုင်ကော်အကျဥ်းထောင်နဲ့ မိုင်ဝက်လောက်၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့နဲ့ တမိုင်ကျော်လောက်သာ ဝေးတာပါ။

စစ်ကောင်စီလက်အောက်ခံ  ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ အခြေစိုက်တဲ့ ပြည်နယ်အစိုးအဖွဲ့ရုံးနဲ့ အစိုးရ အဖွဲ့ အိမ်ရာတွေဘက်မှာတော့ စစ်ကောင်စီတပ်တွေတပ်စွဲထားတယ်လို့ KNDF ဘက်ကပြောထားပါတယ်။ဒါပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ လွိုင်ကော်မြို့မှာ  ဆက်ရှိနေသေးလားဆို တာ တော့ DNA  အနေနဲ့ တိတိကျကျ  အတည်မပြုနိုင်သေးပါဘူး။

“စစ်ကောင်စီဘက်ကတော့ ခံစစ်တွေ တော်တော်လေး ပြင်ဆင်ထားတဲ့အနေအထားမှာ ရှိတယ်၊ အထူးသဖြင့် အကျဥ်းထောင်၊ ရဲစခန်း၊ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) လိုနေရာမျိုးတွေမှာ”လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့တွင်းတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ခံအများအပြား မြို့ပြင်တိမ်းရှောင်ကုန်ကြပြီ ဖြစ် ပေမယ့် စစ်ကောင်စီက ထွက်ခွင့်မပေးလို့ မြို့ထဲပိတ်မိနေသူတချို့လည်း ရှိနေပါတယ်။

KNDF တပ်ဖွဲ့ဝင်တွေက လွိုင်ကော်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီက ကယ်ဆယ်ရေးမလုပ်ဘဲ စွန့်ပစ်ထားခဲ့တဲ့ တက္ကသိုလ် Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြို့ပေါ် လူနေရပ်ကွက်တွေထဲအထိပါ လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက် နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ငါးရက်အတွင်း သေဆုံးသူဦးရေလည်း လေးဆယ်ကျော်အထိ ရှိ လာနေပါတယ်။

ဒါ့အပြင် မြို့တွင်းတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ကို စွန့်ခွာထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ တောင် ကြီးမြို့အနီးမှာ  ပိတ်ဆို့ခံထားရတာ၊မြို့တွင်းရောက်နေသူတွေဟာလည်း နေစရာ အိမ်ငှားဖို့ ခက်ခဲနေတဲ့ အခြေ အနေမျိုးတွေကြုံနေကြရတယ်လို့သိရပါတယ်။

Photo Phoe Thaike/ စစ်ကောင်စီ
ပုံစာ- လွိုင်ကော်တက္ကသိုလ်အတွင်းတွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး