မတ္တရာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ မှားယွင်းပစ်ခတ်မှုဖြစ်ပွား

နိုဝင်ဘာ ၊ ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း နိုဝင်ဘာလ ၁၄ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့  ပျူစောထီးအဖွဲ့တွေ အချင်းချင်း မှားယွင်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မန္တလေးပြည်သူကာကွယ်ရေးတပ်( MDY PDF)နဲ့ LPDF အဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း ကစဉ့်ကလျားနဲ့ ထွက်ပြေးလာတဲ့ ပျူစောထီးအဖွဲ့တွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်လောက် ကြာခဲ့တယ်လို့ MDY-PDF ကထုတ်ပြန်ထားပါတယ်။

“ မနေ့က မတ္တရာဖက်ကနေ အင်အားအလုံးအရင်းနဲ့ ကျနော်တို့ဖက်ကို ထိုးလာတယ်။ ပျူစောထီးတပ်တွေ၊ လက်ရုန်းတပ်တွေပါတယ် ။တိုက်ပွဲကထွက်ပြေးတဲ့ သူတွေကို စကစဖက်က ချင်းချင်းပြန်လည်ပစ်ခတ်တာရှိခဲ့တယ် “ လို့ MDY PDF ပြောခွင့်ရ ကိုအောစမွန်ကပြောပါတယ်။

မတ္တရာမြို့နယ် ကင်းရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း နောက်ပြန်ဆုတ်ပြေးလာတဲ့ ပျူစောထီးအဖွဲ့တွေကို ကင်းရွာနဲ ကျပ်ပြင်ရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာလို့ LPDF တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။

“  စကစ ဖက်ကနေ တိုက်ပွဲထဲကနေထွက်ပြေးတာပေါ့ ။လက်နက်လည်းမချလို့ ဝိုင်းတား ပိတ်ပေးပါဆိုလို့ ဒေသအဖွဲ့လေးတွေက ဝိုင်းပိတ်ပေးရသေးတယ်။ အဲဒီမှာ ဝိုင်းပိတ်ထားတော့ သူတို့ချင်းချင်း ကင်းပုန်းနဲ့တွေ့ပြီး မှားပစ်ကြပါတယ်။ ကင်းရွာကနေ ပြန်ပြေးကြတာ ကျပ်ပြင်နားရောက်တော့ ဖြစ်ကြတာပါ ” လို့ သူကပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

မတ္တရာမြို့နယ်မှာMDY-PDF ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြို့နယ် ဒေသခံ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဟာ  ဒီလ ၁၃ ရက်နေ့မှာစတင်ပြီး ၁၅ ရက်အထိ သုံးရက်ကြာတိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ  ပြန်လည်ဆုတ်ခွာနေရပြီး ပျူစောထီး ခေါင်းဆောင် တဦးအပါအဝင် အများအပြားကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သလို သေနတ် နှစ်လက် နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း လေးခု ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း လေကြောင်းမှတဆင့် တိုက်ခိုက်မှု ခုနှစ်ကြိမ်ထက် မနည်းပြုလုပ်ခဲ့လို့ အရပ်သား ထိခိုက်မှု သေဆုံးမှုလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က ကင်းရွာနဲ့ ကျောက်ဆည်လေးရွာကို လေကြောင်းကပစ်ခတ်ခဲ့လို့ အရပ်သားခြောက်ဦးဒဏ်ရာရပြီး တဦးသေဆုံးသွားတယ်လို့ LPDF တပ်ဖွဲ့ဝင် တဦးက အတည်ပြုပြောပါတယ်။

“ ကင်းရွာက အသက် ရှစ်ဆယ်ကျော်အရွယ် အဘွားတယောက်သေသွားတယ်။ ဒီနေ့ ပစ်ခတ်တာက ကျောက်ဆည်လေးရွာကို ပစ်တာပေါ့နော်။ မနေ့ကလည်း ကင်းရွာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးတယ် ။ဒီနေ့ ကျောက်ဆည်လေးရဲ့ ဘာသာရေးအဆောက်အဦဘေးနားမှာ ရွာနားကပ်ကျတော့ အဆောက်အဦပျက်တယ်။ မီးလောင်တာမရှိဘူး ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်က အင်အား ရှစ်ရာလောက်နဲ့ ရင်ဆိုင်တိုက်ပွဲပြင်းထန်နေသလို  လက်နက်ကြီးတွေ ၊လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ဖိအားပေးတိုက်ခိုက်နေတဲ့အတွက်  ပြည်သူတွေ တိုက်ပွဲနဲ့ ဘေးလွတ်ရာနေရာကို တိမ်းရှောင်ကြဖို့ မန္တလေး PDF ကအသိပေးထားပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အောင်ချမ်းသာ၊ လက်ဝဲကြီး၊ ကင်းရွာ၊ ကျောက်ဆည်လေး၊ ညောင်သစ်၊ တောင်ကနု ကျေးရွာတွေက ဒေသခံ တထောင် ကျော်လောက်ကို စစ်ရှောင်စခန်းဖွင့်လှစ်ပြီး မြို့နယ် ပကဖ အဖွဲ့တွေက ကူညီပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။