ရှမ်းပြည်နယ်ထဲ ချုပ်နှောင်ခံထားရတဲ့ တောင်ကိုရီးယား နိုင်ငံသား တဆယ့်ကိုးဦး လွတ်မြောက်လာ

နိုဝင်ဘာ၊ ၁၅

မြန်မာနိုင်ငံက တရားမဝင် ကုမ္ပဏီ တခုမှာ ဖမ်းဆီး ချုပ်နှောင်ပြီး အဓမ္မ ခိုင်းစေမှုတွေ ကြုံနေသူ တောင်ကိုရီးယား နိုင်ငံသား ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လက တောင်ကိုရီးယား နိုင်ငံသားတွေဟာ ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်ထဲက တရားမဝင် ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ တခုမှာ ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိခဲ့တဲ့နောက် အာဏာသိမ်း စစ်ကောင်စီရဲ့ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်နားက ကုမ္ပဏီကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အောက်တိုဘာ လကုန်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး တောင်ကိုရီးယား ၁၉ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာတော့ အားလုံးကို ရန်ကုန်မြို့ဆီ ချောချောမောမော လွှဲပြောင်း ပို့ဆောင်ခဲ့ပြီးပြီလို့လည်း ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတွေကို ဖမ်းဆီးထားတဲ့ ကုမ္ပဏီ အမျိုးအစားနဲ့ ဘယ်လို လုပ်ငန်းတွေ ဆောင်ရွက်သလဲ ဆိုတာကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အကျယ်တဝင့် မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့၊ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ် မဖြစ်ဖို့တော့ သက်ဆိုင်ရာ ဒေသခံ ဌာနတွေနဲ့ ပူးပေါင်းပြီး အကာအကွယ် ပေးနေမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား အခြေစိုက် KBS သတင်းဌာနက အဲဒီ ၁၉ ဦးဟာ အမြတ်အစွန်း ကောင်းကောင်းရရှိစေမယ်ဆိုတဲ့ ကုမ္ပဏီဖက်က မက်လုံးကို ယုံစားမိရာက ဒုက္ခရောက်ခဲ့ကြတာလို့ ဖော်ပြခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းက နယ်စပ်မြို့ တချို့မှာ အချစ်ရေး ဇာတ်လမ်းတုတွေ ဖန်တီးတာမျိုး၊ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အယောင်ဆောင်တာမျိုး နည်းလမ်းပေါင်းစုံနဲ့ ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက် လှုပ်ရှားနေပါတယ်။

ဩဂုတ်လမှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်အရ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အရှေ့တောင်အာရှက အွန်လိုင်း ကာစီနိုတွေနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေ ခံနေရသူ ဦးရေဟာ သိန်းနဲ့ချီ များပြားလာနေကြောင်းလည်း သိရှိရပါတယ်။

 

Ref: Reuters