ရခိုင်ပြည်မှာ တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းတွေမြင့်တက်၊ လူတထောင်ဝန်းကျင်လမ်းမှာ ပိတ်မိနေ

နိုဝင်ဘာ ၊ ၁၄

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီ တပ်က လမ်းတွေပိတ်ဆို့ထားတဲ့အတွက်ကုန်စျေးနှုန်းတွေ မြင့်တက်လာသလို  စစ်ရှောင်တွေ၊ ပိတ်မိနေသူတွေရှိတယ်လို့ ယာဉ်မောင်းတွေ၊ ခရီးသည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

တနှစ်နီးပါးရပ်ထားတဲ့စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်တွင်း တိုက်ပွဲတွေဟာမနေ့ကမနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်နဲ့ရဲစခန်းတချို့ကိုစတင်တိုက်ခိုက်ပြီးတကျောပြန်စစ်ပွဲစတင် လိုက်သလို ရသေ့တောင်၊ မောင်တော၊ မင်းပြားနဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ ဆက်စပ်လို့ ရသေ့တောင်မြို့နယ်အတွင်း ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ဝန်းကျင်ရှိနေပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် လူရပ်ကွက်၊ ကျေးရွာတွေထဲ ကျရောက်လို့မနေ့ကညအထိ သေဆုံးသူ ငါးဦးထက်မနည်းနဲ့ ဒဏ်ရာရသူ ဆယ် ဦးဝန်းကျင်ရှိနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောထားကြပါတယ်။

စစ်ကောင်စီတပ်ကလည်း  တိုက်ပွဲစတင်တဲ့  မနေ့ မနက်အစောပိုင်းမှာပဲ အမ်းကနေ စစ်တွေအထိ လမ်းတလျှောက်လုံးကို ပိတ်လိုက်ပြီး ပြည်နယ်တဝှမ်း မြို့ချင်း၊ ရွာချင်းဆက်လမ်းတွေကိုပါ သွားလာခွင့်တွေ ဖြတ်တောက်လိုက်တာပါ။

အဲဒီလို လမ်းတွေပိတ်ထားတာကြောင့် အမ်း – စစ်တွေ ပြည်ထောင်စုလမ်းမတလျှောက် ပိတ်မိနေတဲ့ ခရီးသည်ပေါင်း တထောင်ဝန်းကျင်ရှိနေပြီး စားရေး၊ နေရေးအခက်ကြုံနေရကာ အချို့ဆိုရင် ပိုက်ဆံမရှိတော့လို့ ထမင်းမစားကြရဘူးလို့ ခရီးသည်တွေနဲ့ ကားသမားတွေက ပြောကြပါတယ်။

“ကားဘီးတလှိမ့်တောင် ပေးမသွားဘူး။ စစ်သားတွေ အများကြီးရှိနေတယ်။ တချို့ဆိုထမင်းစားဖို့တောင် ပိုက်ဆံ မရှိလို့ မစားကြရဘူး။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် စရိတ်ပဲ ပါလာတာဆိုတော့ ကုန်ပြီလေ။ ထမင်းဆိုင်တွေလည်း စျေးတအားကြီးတယ်”လို့ အမ်းမှာ ပိတ်မိနေသူတဦးက DNA ကို ပြောပါတယ်။

အဲဒီလို လမ်းတွေပိတ်လိုက်တာကြောင့် အမ်းမြို့ပေါ်တခုတည်းမှာတင် ခရီးသည် ငါးရာဝန်းကျင် ပိတ်မိနေပြီး စစ်ကောင်စီတပ်အထိုင်ချထားတဲ့ အမ်းမြို့နယ် ကစုကိုင်းနဲ့ မြေပုံမြို့နယ် ယိုးချောင်းတို့မှာလည်း ငါးရာဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“လမ်းမှာ ပိတ်မိနေတာက ခရီးသည် တထောင်လောက်တော့ ရှိမယ်ထင်တယ်။ ကုန်ကားတွေရော အများကြီးပဲ။ အမ်းဂိတ်ကို မဝင်လိုက်ရတဲ့ကားတွေဆိုရင်တော့ မကွေးဘက် ပြန်သွားလို့ရတယ်။ ဒီဘက်ရောက်သွားရင် ဘယ်မှ သွားလို့မရတော့ဘူး”လို့ အမ်းမြို့မှ ကားသမားတဦးက ပြောပါတယ်။

အဲဒီလို လမ်းတလျှောက် ပိတ်မိနေတဲ့ ခရီးသည်တွေကို ထမင်းကျွေးဖို့ ကစုကိုင်းဂိတ်မှ စစ်ကောင်စီတပ်အရာရှိထံ သွားပြီး ခွင့်တောင်းပေမယ့် ခွင့်မပြုတဲ့အတွက် ပြန်လာခဲ့ရတယ်လို့ လူမှုကူညီရေးလုပ်နေသူဆရာတော်တပါးက မိန့်ကြားပါတယ်။

“ဒီလူတွေ ထမင်းငတ်နေကြပြီ။ ထမင်းချက်ကျွေးချင်တယ်။ မဟုတ်ရင် တကာတို့ ချက်ကျွေးလိုက်၊ လိုအပ်တာတွေ ကိုယ်တော် ဝယ်ပေးမယ်လို့ပြောတယ်။ သူတို့က (ကစုကိုင်း) တံတားကျော်ရမှာမို့တဲ့ ဘယ်လိုမှ ခွင့်မပြုဘူး”လို့ အဲဒီဆရာတော်က မိန့်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့မှာလည်း ပိတ်နေတဲ့ခရီသည်တင်ကားတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ကားသမားတွေရော၊ ခရီးသည်တွေပါ သောင်တင်သွားတာပေ့ါ”လို့ ယာဉ်လိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီလို ခရီးသည်တင်ကားတွေအပြင် ကုန်စိမ်းတင်လာတဲ့ ကားတွေလည်း အများအပြားပိတ်နေတာမို့ အပျက်အစီးတွေ အများကြီးရှိနေတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။”ကျွန်တော့်မှာ ဂန္တမာပန်းပျိုးပင် လေးသောင်းလောက် မှာထားတာ၊ ကားက လမ်းမှာပိတ်တယ်။ အကုန်ဆုံးပြီ”လို့ ပေါက်တောမြို့နယ်မှ ပန်းစိုက်ပျိုးသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရန်ကုန် – စစ်တွေပြည်ထောင်စုလမ်းမကြီးတလျှောက် အမ်းကနေ စစ်တွေတရောက် လမ်းပိုင်းအားလုံးကို ပိတ်ထားတဲ့အပြင် ဧရာဝတီတိုင်းကနေ ရခိုင်ပြည်တွင်းသို့ ဝင်တဲ့ ဂွ – သံတွဲ – တောင်ကုတ်ကားလမ်းကိုပါ ပိတ်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်တွင်း မြို့ချင်းဆက်လမ်းတွေဖြစ်ကြတဲ့ အမ်း – မအီ၊ အမ်း – တပ်တောင်၊ အမ်း – ကျောက်ဖြူ၊ အငူမော် – မောင်တော၊ မောင်တော – ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း – ရသေ့တောင်လမ်းတို့ကိုပါ ပိတ်ထားပြီး အဲဒီလမ်းတွေနဲ့ ဆက်စပ်နေတဲ့ မြို့နဲ့ ရွာ ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကိုပါ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“တောင်ပိုင်းလမ်းတွေရော၊ မြောက်ပိုင်းလမ်းတွေရောအကုန်ပိတ်ထားတာ။တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ သံတွဲမှာတောင် သံတွဲမြို့ထဲကနေ ဂျိတ်တောတို့၊ ဇလွန်ရွာ၊ ဆပ်လည်မျှော်ရွာတို့ဘက်ကိုတောင် သွားလို့မရဘူး”လို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

အလားတူပဲ ရခိုင်ပြည်တွင်း ရေကြောင်းဆက်သွယ်ရေးလမ်းတွေအားလုံကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ရေကြောင်းခရီးစဉ်ပြေးဆွဲသူတွေက ပြောကြပါတယ်။

အဲဒီလို ကုန်စည်ဝင်ပေါက် ပြည်ထောင်စုလမ်းမကြီးနဲ့ မြို့ချင်းဆက်၊ ရွာချင်းဆက်လမ်းတွေအားလုံးကို ပိတ်ထားတာမို့ ရခိုင်ပြည်တွင်း ဆန်အပါအဝင် စားသောက်ကုန်တွေရဲ့ စျေးဟာ အဆမတန်မြင့်တက်နေတယ်လို့လည်း ဆိုကြပါတယ်။

အရင်က တသိန်းဝန်းကျင်ပေးခဲ့ရတဲ့ ဆန်တအိတ်ကို တသိန်းလေးသောင်းဝန်းကျင်လောက်တက်သွားပြီး အရင်က ရှစ်ထောင်သာပေးရတဲ့ ကွမ်းရွက်တပိဿာကို ရှစ်သောင်းကနေ တသိန်းကြား ပေးဝယ် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဓါတ်ဆီဆိုရင်လည်း တလီတာကို ၃,၅၀၀ လောက်ထိ စျေးတက်သွားကာ ကြက်ဥတလုံးကိုလည်း ခြောက်ရာလောက်ထိ ပေးနေကြရတယ်လို့ ဆိုပါတယ်။

“စားကုန်အားလုံးနီးပါးက ပြည်မဘက်ကလာတာဆိုတော့ ဒီအတိုင်းပိတ်ထားရင် မလွယ်ဘူး။ ကုန်စျေးနှုန်းကလည်း ကြောက်စရာကောင်းတယ်။ ကိုယ့်ဆီကထွက်တဲ့ဟာတွေကဆို စျေးတောင် ကျသွားသေးတယ်”လို့ ပုဏ္ဏာကျွန်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒီလို လမ်းတွေပိတ်ထားတာဟာ ကြွတ်ကို မနိုင်ရင် ကျီကို မီးရှို့တဲ့အကွက်ဖြစ်ပြီး မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကိုပါလွတ်လပ်စွာသွားလာခွင့်ဆိုတဲ့ အချက်ကို  ချိုးဖောက်ရာရောက်ကြောင်း ရခိုင်ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ဝေဖန်ပါတယ်။

“ရခိုင်ပြည်သူတွေကို တမင်အငတ်ဘေးဆိုက်အောင် လုပ်တယ်လို့ပဲ မြင်တယ်”လို့ သူက ဆိုပါတယ်။