နိုဝင်ဘာ ၊ ၁၄
ရှမ်းမြောက်တိုက်ပွဲအတွင်း လောက်ကိုင်ဒေသအခြေစိုက် စစ်ကောင်စီ ခမရ ၁၂၉က တပ်ရင်းမှူး ဗိုလ်မှူး ကျော် ရဲအောင်ဦးဆောင်ပြီး နိုဝင်ဘာ ၁၂ရက်မှာ တပ်ရင်းလိုက် လက်နက်ချခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီက နေ့ထုတ်ပြန်ပါတယ်။
ဒါဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ် လဝက်ကျော်အတွင်း ဒုတိယမြောက် တပ်ရင်းလိုက် လက် နက်ချတဲ့ဖြစ်စဉ်ဖြစ်လာပါတယ်။
“အလင်းဝင်လာတဲ့လူတွေကိုတော့ ကျွန်တော်တို့ ကြိုဆိုပြီးတော့ စောင့်ရှောက်ထားတယ်ပေ့ါနော်၊ ဒဏ်ရာရရှိခဲ့ တဲ့လူတွေကိုလည်း အခမဲ့ဆေးကုသပေးမှုတွေ ဆောင်ရွက်ခဲ့တယ်၊ပြီးတော့ သူတို့ ဆန္ဒအလျောက် သွားလိုရာ နေရာတွေကို အန္တရယ်ကင်းစွာနဲ့ ဆောင်ရွက်ပေးနေပါတယ်”လို့ ကိုးကန့်တပ် MNDAAရဲ့ပြောခွင့်ရသူ လီကျာ ဝင်းက DNAကိုပြောပါတယ်။
လောက်ကိုင်မြို့ရဲ့အနောက်ဘက်မှာရှိတဲ့ လောက်ကိုင် ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်(ဒကစ)လက်အောက်ခံ ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ဦး၊တပ်မိသားစုဝင် ၁၃၄ဦး စုစုပေါင်း ၂၆၂ ဦးလက်နက်ချခဲ့ တာဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်က ဦးဆောင်ခေါ်လာပြီး ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ လက်နက်ချကြဖို့ အောက်တိုဘာ ၃၁ရက်မှာထုတ်ပြန်ပြီးနောက် လက် ရှိအထိ လက်နက်ချလာသူ နှစ်ရာကျော်အထိရှိနေပြီး သူတို့ကိုဆန္ဒအတိုင်းကူညီဖြည့်ဆည်းမှုတွေလုပ်ပေး ထား သလို သွားလိုတဲ့နေရာတွေကိုလည်းပို့ပေးထားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကဆိုပါတယ်။
လက်နက်ချပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာတဲ့ ခမရ ၁၂၉ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တဦးကျပ်ဆယ် သိန်းစီနဲ့ တပ်မိ သားစုဝင်တွေကို တဦး ကျပ်တသိန်းစီ ပေးခဲ့သလို ကျန်းမာရေးမကောင်းသူတွေကို ကျန်းမာ ရေးစောင့်ရှောက် ပေးခဲ့ပြီး သွားလိုရာနေရာတွေကိုလည်း လုံလုံခြုံခြုံပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်တပ်တွေက အောက်တိုဘာ ၂၇ရက်မှာ ထိုးစစ်စတင်အပြီး သုံးရက်အကြာ အောက်တိုဘာ ၃၀ရက်ကလည်း ကွမ်းလုံမြို့အနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီ ခလရ ၁၄၃ တပ်ရင်းက ဒုတပ်ရင်းမှူးအပါအဝင် ၄၁ဦးဟာ တပ်ရင်းလိုက် လက်နက်ချခဲ့ပါသေးတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ တဦးကျပ် ၁၅သိန်းစီထောက်ပံ့ပေးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
ခလရ ၁၄၃ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းလိုက် လက်နက်ချမှုမှာ RPG၊စနိုက်ပါ၊စက်လတ်သေနတ်တွေ အပါအဝင် လက်နက်မျိုးစုံ ၄၀လက်အပြင် ကျည်၊ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေအများအပြားသိမ်းဆည်း ရရှိခဲ့ တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောထားပါတယ်။
အခု ခမရ ၁၂၉ တပ်ရင်း တပ်ရင်းလိုက် လက်နက်ချမှုမှာ လက်နက်ခဲယမ်းဘယ်လောက်သိမ်းဆည်းရ ရှိတယ်ဆို တာတော့ ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိသေးပါဘူး။
MNDAA တပ်ဖွဲ့ပြောခွင့်ရသူ လီကျာဝင်းကလည်း အဲ့ဒီလက်နက်ချမှုနဲ့ပတ်သက်ပြီး လက်နက်ခဲယမ်းရရှိမှု အခြေအနေကို အသေးစိတ်အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။
အာဏာသိမ်းကာလအစောပိုင်းကတည်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ CDM ဗိုလ်ကြီး ညီသုတကတော့ အခုလို တပ်ရင်းလိုက် လက်နက်ချခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်တွင်းမှာ သတင်းဖုံးဖိဖို့ကြိုးစားနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
“တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့အချိန်ရောက်ပြီ”လို့လည်း သူကမှတ်ချက်ပြုထားပါတယ်။
လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို အသက်အန္တရာယ်အာမခံမှာဖြစ်သလို လူ့ဂုဏ်သိက္ခာနဲ့ စစ်သား ဂုဏ်သိက္ခာ မထိခိုက်အောင်ဆောင်ရွက်ပေးမယ့်အပြင် ညှင်းပန်းနှိပ်စက်တာ၊ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ မဟာမိတ်တပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။
“စစ်ကောင်စီလက်အောက်ခံတပ်ရင်းများအနေနဲ့ ကျွန်တော်တို့ဘက် အလင်းဝင်လာရင် ကျွန်တော်တို့ အသက် ဘေးအန္တရာယ်ကို အာမခံတယ်”လို့ MNDAA ပြောခွင့်ရ လီကျာဝင်းကပြောပါတယ်။
ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ နယ်မြေရဲစခန်းနဲ့အတ္တရံတံ တားမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်တွေက လေးရက်ကြာ တိုက်ခိုက်ပြီး မနေ့ကသိမ်းပိုက် ရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ဦးလက်နက်ချခဲ့ကြပါသေးတယ်။
ဒါ့အပြင် ရခိုင်တပ်တော် AA က ရခိုင်ပြည်နယ်မှာ မနေ့ကစစ်ကောင်စီတပ်တွေက တကျော့ပြန်စတင်တိုက် ခိုက် ခဲ့ပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာရှိတဲ့နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂၂ဦးလုံး AA တပ်ဖွဲ့ဆီ လက်နက်ချခဲ့ကြပါတယ်။
Photo ညီနောင်မဟာမိတ်သုံးဖွဲ့