ဆက်သွယ်ရေးတပ်သားနှစ်ဦး အင်းလေး PDF ထံ ပူးပေါင်း

နိုဝင်ဘာ ၊ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ကာကွယ်ရေဝန်ကြီး ဌာန လက်အောက်ရှိ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၁၀၀၉) တပ်ရင်းသို့ စစ်ကောင်စီတပ် တပ်သား နှစ်ဦး CDM ဝင်ရောက်လာတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။

“ သူတို့ရဲ့ရည်ရွယ်ချက်က ပြည်သူ့အပေါ် မတရားလုပ်အုပ်ချူပ်တဲ့ စစ်တပ်အပေါ်မုန်းတီးနာကျည်းပြီးတော့ ပြည်သူ့တော်လှန်ရေးမှာ ကျရာတာဝန်က ပူးပေါင်းပါဝင်ဖို့ဆုံးဖြတ်ခဲ့လို့ တပ်ကိုစွန့်ခွါလာသူတွေပါ “ လို့ သူကဆိုပါတယ်။

အဲဒီ တပ်သားနှစ်ဦးဟာရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် အမှတ်(  ၂) ဆက်သွယ်ရေးတပ်ကဖြစ်ပြီး  ဒါးပိန်မှာလုံခြုံရေးကျနေရာမှတဆင့် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ  လူလွတ်ရုန်း ထွက်လာ ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။

“ အမှတ် ၁၀၀၉ ( IPDF) တပ်ရင်းသို့ရောက်ရှိလာသော စကစ ဆသရ(ဆက်သွယ်ရေး) CDM တပ်သားနှစ်ဦးဟာ ကြားခံအဆက်အသွယ်ရဲ့ ကူညီချိတ်ဆက် ပို့ဆောင်ပေးတာကြောင့် ရောက်ရှိလာတာပါ “ လို့ သူကပြောပါတယ်။

လက်ရှိမှာလည်းစစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာပြီး(CDM) လုပ်ထားတဲ့ သူတွေထူထောင်ထားတဲ့  ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေကာ တပ်ရင်းစခန်းမှာ စောင့်ရှောက်ပေးထားတယ်လို ဆိုပါတယ်။

“ လက်နက်ခဲယမ်း ပစ္စည်းများမယူဆောင်နိုင်ခဲ့ပါ။ ခိုင်လုံသောအထောက်အထားကြောင့် ချိတ်ဆက်ခေါ်ဆောင်ရခြင်းဖြစ်တယ် “ လို့ သူကဆက်ပြောပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၁၀၀၉) တပ်ရင်းသို့ အခုCDM ဝင်ရောက်လာသူ နှစ်ဦးဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်မေလတုန်းကလည်း မိတ္ထီလာ လေတပ်မှ ဒုတပ်ကြပ်တဦးလည်း CDM ပြုလုပ်ခဲ့ပြီး လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတယ်လို့ သူကဆက်ပြောပါတယ်။

စကစ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့စစ်သား၊ ရဲ နဲ့ ဝန်ထမ်းတွေ အမြန်ဆုံး ပြည်သူ့ရင်ခွင်ကိုခိုလှုံကြဖို့ လည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၁၀၀၉) တပ်ရင်းက အသိပေးထားပါတယ် ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ကတော့အာဏာသိမ်းချိန်ကနေ  စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ စစ်သား၃,၂၃၅ ဦးနဲ့ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦးရှိတယ်လို့ ဒီနှစ်စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်ထားပါတယ်။