နိုဝင်ဘာ၊ ၁၃
အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ရိဒ်ခေါဒါရ်က တီအိုချောင်းစခန်းကို ချင်းကာကွယ်ရေး တပ်တွေက ဒီနေ့ ညနေမှာ ထပ်မံ သိမ်းပိုက်လိုက်နိုင်ပြီလို့ ချင်းအမျိုးသားတပ်မတော်(CAN) ရဲ့ ပြောရေးဆိုခွင့် ရ ဆလိုင်းထက်နီက DNA ကို အတည်ပြုပြောဆိုလိုက်ပါတယ်။
ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စခန်းနှစ်ခုကို ချင်းပြည်သူ့ကာကွယ်ရေး တပ်တွေက မနေ့က နိုဝင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီခန့်မှာ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ရိဒ်ခေါဒါရ်မြို့ပေါ်မှာရှိတဲ့ စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့ကာ ညနေမှာတော့ တီအိုချောင်း စခန်းကို ထပ်မံသိမ်းပိုက််နိုင်ခဲ့တာပါ။
“ စခန်းနှစ်ခုလုံးကို တော့ သိမ်းပိုက် ရရှိထားပါပြီ “လို့ ဆလိုင်းထက်နီက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး အဆင့်ရှိသူ တဦးအပါအဝင် ခုနှစ် ဦးလက်နက်ချတဲ့အတွက် သူတို့ကို လက်ရှိမှာ ထိန်းသိမ်းထားပြီး တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်ကိုတော့ စိစစ်နေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ရိဒ်ခေါဒါရ်မြို့တမြို့လုံးမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့်ကာကွယ်ရေးတပ်သားတွေနဲ့ အရပ်သားသေဆုံးမှုတွေရှိနေပြီး အရေအတွက် အတိအကျကို တော့ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီတပ်က မြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံထဲကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင် အရပ်သားနှစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကာ အိန္ဒိယနိုင်ငံဘက်မှာ ဆေးကုသမှု ခံယူနေရင်းက ညနေပိုင်းမှာတဦးဆုံးသွားခဲ့တယ်လို့သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဒီကနေ့ မနက်နဲ့နေ့လယ်ပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အရပ်သားထိခိုက်မှုမရှိဘူး လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံဘက်က ချင်းပြည်နယ် ဖလမ်းခရိုင်ထိစပ်ဒေသမှာရှိတဲ့ ရိခေါဒါရ် မြို့ဟာ နယ်စပ်ကုန်သွယ်ရေးစခန်း ရှိရာမြို့ ဖြစ်သလို နာမည်ကျော် ရိဒ်ရေကန် ရှိရာမြို့လည်း ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နှစ်ထောင်နီးပါးဟာ လွန်ခဲ့တဲ့ တပတ်တည်းက ကြိုတင်စစ်ရှောင်နေရသလို မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာလည်း အိန္ဒိယ နိုင်ငံနယ်စပ်ဖက်ကို စစ်ရှောင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။
“ လောလောဆယ်တော့ အိန္ဒိယဖက်က သူတွေက ထမင်းကျွေးပါတယ်” ဒေသခံ အမျိုးသားတဦး ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်းဘက်က အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့ ခမ်းပတ်မြို့နဲ့ အဲ့ဒီမြို့အနီးတဝိုက် စစ်စခန်းတချို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စကြေညာပြီးတဲ့နောက် CNA၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကလည်း တပြိုင်နက် ထိုးစစ်ဆင်ခဲ့ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြုကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ သိန္နီ၊ စစ်ကိုင်းတိုင်းက ကောလင်း (ခရိုင်မြို့)နဲ့ ခမ်းပတ်မြို့ တို့ကို သိမ်းပိုက်ရရှိထားကြပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဆင်ရေး ၁၀၂၇ မှာပါဝင်တဲ့ ရက္ခိုင့်တပ်တော်(AA) ကလည်း ဒီကနေ့မနက်မှာ ရခိုင်ပြည်နယ်မှာစစ်မျက်နှာသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့အတွက် တနှစ်နီးပါးကြာရပ်နေတဲ့တိုက်ပွဲတွေ တကျော့ပြန်စဖြစ်နေပါတယ်။