နိုဝင်ဘာ၊ ၁၃
ဆောင်းရာသီ ဝင်ရောက်လာမှုကို အခွင့်ကောင်းယူပြီး ရုရှားက ကျင့်ဝတ်မဲ့ပြီး ရက်စက်တဲ့ စစ်ရေး အစီအမံတွေ အကောင်အထည် ဖော်လာနိုင်တာကို ကြိုတင် ပြင်ဆင်ထားကြဖို့ ယူကရိန်း ပြည်သူတွေကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး တိုက်တွန်းခဲ့ပါတယ်။
ရုရှားဟာ မနှစ်တုန်းကလည်း ဆောင်းရာသီမှာ ယူကရိန်းရဲ့ ဓာတ်အားလိုင်းတွေ၊ အပူပေး ဓာတ်ငွေ့လိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးခဲ့တာကြောင့် ယူကရိန်းပြည်သူ သိန်းဂဏန်းလောက်ဟာ အေးခဲနေတဲ့ ဆောင်းတွင်းကို ခက်ခက်ခဲခဲ ရုန်းကန် ဖြတ်သန်းခဲ့ရပါတယ်။ အခုနှစ် ဆောင်းတွင်းမှာလည်း အလားတူ အခြေအနေမျိုးအတွက် ကြိုတင် ပြင်ဆင်ထားဖို့နဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားက ကြမ်းတမ်း ရက်စက်တဲ့ စစ်ရေး အစီအမံတွေ အရှိန်မြင့်လာနိုင်တာကို ကြိုတွေးထားဖို့ ဇီလန်စကီးက နိုဝင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့တာပါ။
သီတင်း ၇ ပတ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားက ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ ပြန်လည် တိုက်ခိုက်လာတဲ့နောက် ဇီလန်စကီးဆီက သတိပေး မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ လလယ်ကို ချဉ်းကပ် ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ရန်သူက ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရှိန်မြှင့် တိုက်ခိုက်လာနိုင်ခြေအတွက် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဇီလန်စကီးက နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။
ယူကရိန်း စွမ်းအင်ဝန်ကြီး ဂျာမန် ဂါလူရှ်ချန်ကိုက ယူကရိန်းဟာ ဆောင်းရာသီအတွက် လုံလောက်တဲ့ စွမ်းအင် ရင်းမြစ်တွေ သိုလှောင်ထားပြီး ဖြစ်ပေမယ့် ရန်သူဖက်က နောက်ထပ် ဘယ်လောက် တိုက်ခိုက်လာမလဲ ဆိုတဲ့အပေါ် မူတည်ပြီး အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
လောလောဆယ် ယူကရိန်း အရှေ့ပိုင်းက အက်ဗ်ဒီဗ်ကာမြို့မှာ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကို မြို့စောင့်တပ်တွေက အစွမ်းကုန် ခုခံ တွန်းလှန်နေသလို ဘက်ခ်မတ် တဝိုက်မှာလည်း ယူကရိန်းရဲ့ ထိုးစစ်ဆင်မှုတွေကို ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားဖက်က ထုတ်ပြန်ထားပါတယ်။
Ref: CNA