ရှမ်းမြောက်က မြို့နယ်ရှစ်ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာ

နိုဝင်ဘာ၊ ၁၂
 
ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ ညမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
 
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့ပေါင်း ၄၇ မြို့နယ်ရှိပြီး ဒီကနေ့ ကြေညာတဲ့ ရှစ်မြို့ပေါင်းရင် မြို့ပေါင်း ၅၅ မြို့ အထိ ရှိလာပြီး ရှမ်းပြည်နယ်မှာ ပထမဦးဆုံးဖြစ်ပါတယ်။
 
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်တဲ့ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ နဲ့ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နယ်မြေဖြစ်တဲ့ ကုန်းကြမ်း၊ လောက်ကိုင်မြို့နယ်တွေမှာ အခုလို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ။
 
လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ လောက်ကိုင် ဒကစမှူး တို့ကို သက်ဆိုင်ရာ နယ်မြေတွေအလိုက် စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။
 
ဒါပေမယ့် စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်တွေထဲပါတဲ့ ကွမ်းလုံ၊ သိန္နီ၊ နမ့်ခမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ မုံးကိုး နဲ့ ချင်းရွေဟော် မြို့တွေကိုတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ တပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
 
” စစ်အုပ်ချုပ်ရေး ကြေညာလိုက်တော့ ဘယ်လိုစည်းကမ်းတွေ တင်းကြပ်လာမလဲဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့ ” လို့ မူဆယ်မြို့ခံ တဦးက DNA ကို ပြောပါတယ်။
 
အခုလို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရတာကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေကို စွဲဆိုလေ့ရှိပြီး အရင်က အရပ်ဘက်တရားရုံးတွေမှာ စစ်ဆေးစီရင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅၊ အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ အကြမ်းဖက်ပုဒ်မ အမှုတွေအပါအဝင် အမှုအမျိုးအစား ၂၃ မျိုးကို စစ်ခုံရုံးနဲ့သာ စစ်ဆေးစီရင်တော့မှာပါ။
 
စစ်ကောင်စီစစ်အုပ်ချုပ်ရေး ကြေညာတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်နဲ့ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ ကိုးမြို့နယ်၊ ရန်ကုန်တိုင်းက လှိုင်သာယာအပါအဝင် ခြောက်မြို့နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ်တွေလည်း ပါဝင်ပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ