နိုဝင်ဘာ၊ ၁၂
စီးပွားရေးမြို့တော် ရန်ကုန်က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုပေမယ့် ဆီဝယ်ဖို့ တန်းဆီနေရဆဲ ဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
” စက်သုံးဆီနဲ့ပတ်သက်ပြီး ပြည်တွင်းမှာလည်း ကောလဟာလ ထုတ်လွှင့်နေတာ ရှိတယ်။ အခြေခံအကြောင်းနှစ်ခုပေါ်မှာ ကောလဟာလ ထုတ်လွှင့်နေတာဖြစ်တယ် ” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စက်သုံးဆီ ရောင်းချတဲ့ ခွဲတမ်းတွေကို လျှော့ချတာနဲ့ ဆီဝယ်ယူရန် စစ်ကောင်စီနဲ့ အမေရိကန်ဒေါ်လာ ချမပေးနိုင်တာကြောင့် စက်သုံးဆီ ပြတ်လပ်နေတယ်ဆိုတဲ့ ကောလဟာလတွေကို အချိန်ကိုက် ထုတ်လွှင့်နေတာ ဖြစ်တာလို့ သူကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဆီအလုံအလောက်ရှိပြီး ပြည်တွင်းလက်ကျန်အနေနဲ့ ဓာတ်ဆီ 92 (Octane) ဂါလံ ၁၃ သန်းကျော်နဲ့ ဒီဇယ် ဂါလံ သန်းသုံးဆယ်ကျော်ရှိပြီး စက်သုံးဆီအားလုံး တလစာ အရန်ရှိသေးတယ်လို့ သူရဲ့ပြောဆိုချက်မှာ ပါရှိပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဒီနေ့အထိ စက်သုံးဆီ အရောင်းဆိုင် အချို့မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဓာတ်ဆီဆိုင်တွေမှာ ကားတွေတန်းစီ စောင့်ဆိုင်းနေရတယ်လို့ ရန်ကုန်မြို့က မြို့ခံတွေက ဆိုပါတယ်။
“ ၁၀ ရက်နေ့ညကတည်းက ဆီဝယ်မရတာပေါ့။ မနေ့ကတော့ မတ်စ်ဆီဆိုင် တဆိုင်ပဲ ဖွင့်တယ်။ ဒီနေ့တော့ ဖွင့်ပေမယ့် ဂတ်စ်ဆိုင်တွေမှာ (တန်းစီရသလို)လိုမျိုးပဲ ဆီဆိုင်တွေမှာ တန်းစီနေတာ “ လို့ ရန်ကုန်မြို့၊ ပုစွန်တောင်မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာ လုံလောက်တဲ့ စက်သုံးဆီခွဲတမ်း မရရှိဘူးလို့ ရန်ကုန်က ဆီဆိုင်တွေက ဆိုပါတယ်။
” ဒီညနေ (၆ နာရီလောက်)မှ (95)ဆီ ကားတစီး ခွဲတမ်းရတယ် ” လို့ တောင်ဥက္ကဌလာပမြို့နယ်၊ ရတနာလမ်းပေါ်က ဆီဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။ ” ဒါတောင် ဆိုင်တိုင်းမရဘူး ” လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ ဒီလ ၁၁ ရက်က 92 တလီတာ ၂၀၆၀ ကျပ်ကနေ ဒီကနေ့မှာ ၂၁၃ဝကျပ်နဲ့ မနေ့က 95 တလီတာ ၂၁၆၀ ကနေ ဒီကနေ့မှာ ၂၂၅၀ ကနေအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ ရှားပါးလာတဲ့ စစ်ကောင်စီဟာ စက်သုံးဆီအပါအဝင် သွင်းကုန်လျှော့ချဖို့၊ ပို့ကုန် ပိုပြီးတင်ပို့ဖို့နဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့လည်း စစ်ခေါင်းဆောင်က မကြာခဏ ပြောလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကားအစီးအရေ တသန်းကျော်နဲ့ ဆိုင်ကယ် ခြောက်သန်းခွဲကျော် ရှိပြီး တနှစ်ကို စက်သုံးဆီ တန်ချိန် လေးသန်းကျော် တင်သွင်းနေရကာ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ ဝန်းကျင်နှစ်စဉ် ကုန်ကျနေတာပါ။
ဓာတ်ပုံ – RFA