၁၁၁၁လှုပ်ရှားမှုက ထိရောက်တဲ့ လူထုလှုပ်ရှားမှုတခုလို့ ညီနောင်မဟာမိတ်အဖွဲ့ပြော

နို၀င်ဘာ ၊ ၁၁

ရှမ်းမြောက်ထိုးစစ်အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်မှုတွေကို ထောက်ခံကြိုဆိုကြောင်း ပြသ တဲ့အနေနဲ့  ဒီကနေ့ နိုင်ငံတဝန်းမှာပြုလုပ်တဲ့ ၁၁၁၁ လှုပ်ရှားမှုဟာ စစ်အာဏာရှင်အဆုံးသတ်ရေးလူထု လှုပ်ရှားမှုတွေထဲက ထိရောက်တဲ့လှုပ်ရှားမှုတခုဖြစ်တယ်လို့ ညီနောင်မဟာမိတ်တပ်တွေက ထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၁ရက်မှာ နိုင်ငံတဝန်း စစ်ကောင်စီဆန့်ကျင်သူတွေက ၁၁၁၁ လှုပ်ရှားမှုအနေနဲ့ အွန်လိုင်းက ရော မြေပြင်မှာပါ အောင်သပြေ လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီလှုပ်ရှားမှုတခုဖြစ်ခဲ့ပြီး ပြည်သူ့စည်းလုံးညီညွတ် မှုပြယုဂ် တခုအနေနဲ့ ပါဝင်တဲ့ပြည်သူတွေအားလုံးကို  ကျေးဇူးတင်သလို ပြည်တရပ်လုံးရဲ့ တော်လှန်ရေး အောင်မြင်တဲ့ အထိ အားကြိုးမာန်တက်မရပ်မနား ဆက်လက်ဆောင်ရွက်ကြဖို့ ညီနောင်သုံးဖွဲ့ကတိုက်တွန်းထားပါတယ်။

ဒီကနေ့ ၁ လေးလုံးနေ့မှာပဲ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီပူးပေါင်းဆင်နွဲနေတဲ့ ကရင်နီပူးပေါင်း တပ် တွေကကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့ နန်းစံခမ်းတို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်း တွေ ကိုတိုက်ခိုက်ရာမှာ စခန်း ခုနစ် ခုသိမ်းပိုက်ရရှိထားပြီလို့လည်း ညီနောင်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာထ ည့်သွင်း ဖော်ပြထားပါတယ်။

ဒီကနေ့ ကရင်နီဒေသ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကရင်နီပူးပေါင်းတပ်တွေကတော့ သီးခြားထုတ်ပြန် အတည်ပြုတာမျိုးမရှိသေးပါဘူး။

ဒီနေ့ ၁၁ လ ၁၁ ရက် ၁ လေးလုံးနေ့မှာ အောင်သပြေလူထုလှုပ်ရှားမှုကို နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေ ပါဝင်လှုပ်ရှားနေကြတာဖြစ်ပြီး အောင်သပြေပန်းကို အသုံးပြုကာ ဘုရားပန်းလဲတာ ၊သပိတ် လှုပ်ရှားမှုတွေလုပ်တာ၊အွန်လိုင်းလှုပ်ရှားမှုတွေမှာပါဝင်တာတွေရှိနေကြပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီလှုပ်ရှားမှုတွေကိုတားဆီးဖို့ကြိုးစားတဲ့အနေနဲ့ မြို့ကြီးတချို့အပါအဝင် ဒေသအနှံ့မှာ ဒီကနေ့ သပြေပန်းမရောင်းဖို့၊ရောင်းသူတွေကို  ဖမ်းဆီးတာ၊ငွေဒဏ်ရိုက်တာတွေလုပ်မယ်လို့ ခြိမ်းခြောက်ပြော ဆိုတာတွေရှိကြောင်း သတင်းဖော်ပြမှုတွေလည်းရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဆောင်ရွက်နေချိန် အဲဒီစစ်ဆင်ရေးကို ထောက်ခံတဲ့ ပြည်သူလူထုဘက်ကလည်း ၁လေး လုံးလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တဖက်တလမ်းက ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ညီ နောင်သုံးဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဘက်က တပ်စခန်း ရာကျော် လက်လွှတ်ထားရတဲ့ ကိုးကန့်နဲ့ တအာင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က စခန်းကုန်းတွေ ပြန်ရရေး ကြိုးပမ်းနေပေမယ့် မြေပြင်ထိရောက်မှု မရှိ တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေသာ အဓိကလုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ကွမ်းလုံ၊ လောက်ကိုင်နဲ့ နောင်ချိုဒေသဘက်မှာ စစ်ကောင်စီက တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၂၀ ထိ ရှိနေတယ်လို့ ဆိုပါတယ်။

 လွန်ခဲ့တဲ့ နှစ်ရက် နို၀င်ဘာ ၉ ရက်ကမှ လက်လွှတ်၊ သိမ်းပိုက်ခံထားရတဲ့ ကွမ်းလုံမြို့မှာတော့ တချို့ရက်တွေမှာ တရက်တည်းအတွင်း  အကြိမ် ၉၀ နီးပါးအထိ လေကြောင်းပစ်ခတ်မှုတွေ လုပ်တယ်လို့  ညီနောင်သုံးဖွဲ့ ကဆိုပါတယ်။ 

ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နဲ့ ရခိုင်(AA)တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ နမ့်ခမ်း၊ သိန္နီမြို့တို့နဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ကျော်အထိ  သိမ်းပိုက်ရရှိထားတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ကော့လင်းမြို့နဲ့ ခမ်းပတ်မြို့တို့ကိုလည်း တော်လှန်ရေးအင်အား စုတွေက သိမ်းပိုက်ရရှိထားသလို စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့တချို့မှာလည်းထိုးစစ်ဆင်မှုတွေဆက်ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့ ၁၁၁၁ လှုပ်ရှားမှုလုပ်ခဲ့ကြသလို စစ်အုပ်စုထောက်ခံသူတွေ ကလည်း နေပြည်တော်မှာ KIA၊MNDAA၊AA၊TNLA၊PDF၊BPLA စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ရှုတ်ချ ကြောင်းနဲ့ စစ်တပ်ထောက်ခံကြောင်းဆန္ဒပြခဲ့ကြပါတယ်။

photo မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ