စစ်မြေပြင်ရဲ့ အလွန်မှာ စစ်ကောင်စီ ဖြိုချခဲ့တဲ့ အပျက်အစီးများ

နိုဝင်ဘာ၊ ၁၁

မြန်မာ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အကဲဖြတ်တဲ့အခါ လေ့လာသူတွေ ကိုးကားတဲ့ အချက်အလက်တွေဟာ လက်နက်ကိုင် တိုက်ပွဲတွေ၊ ဒါမှမဟုတ် စစ်ပွဲနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ သက်ရောက်မှုတွေကိုပဲ အဓိက ကိုးကားလေ့ ရှိကြပါတယ်။ ဥပမာ အသေအပျောက်၊ တပ်ပြေးဦးရေ၊ မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားတွေ နေရပ်စွန့်ခွာရမှု စတာတွေပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြည်တွင်းစစ်ရဲ့ ဖြစ်တည်မှုနဲ့ လမ်းကြောင်းတွေကို စေ့စေ့စပ်စပ် လေ့လာစောင့်ကြည့်ဖို့ဆိုရင် အရေးကြီးတဲ့ ရှုထောင့် အားလုံးကို ထည့်စဉ်းစားရပါမယ်။

 နိုင်ငံရေး လေကြောင်း အပြောင်းအလဲတွေ၊ ဥပမာ မကြာသေးခင်က စစ်တပ်နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ (စစ်ကောင်စီ) အတွင်းစည်း ထိပ်ပိုင်း အရာရှိတွေကို ရှင်းထုတ်တာမျိုးတွေ၊ စစ်တပ်ကို အားပေး ကူညီနေတဲ့ လက်နက်ကုန်သည်တွေ လုပ်ကြံခံရတဲ့ ဖြစ်စဉ်မျိုးတွေဟာလည်း ထင်သာမြင်သာ မဟုတ်ပေမယ့် အာဏာသိမ်း စစ်တပ်အပေါ် ထိခိုက်မှု ပြင်းထန်တဲ့ သက်ရောက်မှုတွေလို့ ဆိုနိုင်ပါတယ်။

 ဒီတော့ မြန်မာ့အရေး စောင့်ကြည့် လေ့လာသူတွေဟာ စစ်ပွဲတွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေအပြင် လက်နက်ကိုင် အားပြိုင်မှုတွေနဲ့ တိုက်ရိုက် မပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ အာရုံစိုက်ကြည့်မှသာ စစ်တပ်ရဲ့ အခြေအနေက ဘယ်လောက် အားလျော့ ယိုယွင်းလာနေသလဲ ဆိုတာကို ပိုမို မြင်သာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေးထွက် ဆိုးကျိုးအဖြစ် မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုတွေ သက်ရောက် ရိုက်ခတ်နေသလဲ ဆိုတာကိုပါ ဆန်းစစ်ကြည့်နိုင်ပါလိမ့်မယ်။ စစ်တပ်ရဲ့ ညံ့ဖျင်းမှုကြောင့် လျှပ်စစ်ဓာတ်အား၊ ပြည်တွင်းက လုပ်သားရင်းမြစ်တွေ ပြောင်းရွှေ့မှု၊ ရာဇဝတ်မှုတွေ ထူပြောလာတာ အစရှိတာတွေက ပြည်သူတွေ ထိခိုက်ခံစားရတဲ့ ယုတ်လျော့မှုတွေဖြစ်ပြီး နေ့စဉ် လူနေမှု ဘဝတွေကို ပိုမို ကျပ်တည်းလာစေပါတယ်။

 စီးပွားရေး ပြန်လည် ထိန်းညှိလာနိုင်တာ၊ ငွေကြေးဖောင်းပွမှု တည်ငြိမ်လာတာ၊ အထည်ချုပ် စက်ရုံတွေ အပါအဝင် တချို့လုပ်ငန်းတွေ ဖွံ့ဖြိုးအားကောင်းလာတာတွေကို ရည်ညွှန်းပြီး၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ အခြေအနေ ထိလွယ်ရှလွယ် ရှိနေဆဲ နာလန်ထမှု လမ်းကြောင်းပေါ် ရောက်လာတယ်လို့ ကမ္ဘာ့ဘဏ်က အစီရင် ခံထားတဲ့တိုင် စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ ဖရိုဖရဲ ဖြစ်မှုတွေရဲ့ ဆိုးကျိုး သက်ရောက်မှုတွေ၊ စစ်ကောင်စီရဲ့ ညံ့ဖျင်းလှတဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒ အလွဲအမှားတွေကတော့ နိုင်ငံရဲ့ စီးပွားရေး အလားအလာတွေကို မတွေးရဲစရာ အနာဂတ်မျိုးဆီ တွန်းပို့နေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး အရာရှိ ရှောင်တာနဲလ်ကတော့ ဒီအခြေအနေကို ကမ္ဘာပျက်နေသလိုပဲလို့ ထိထိရောက်ရောက် ဥပမာပေးထားပါတယ်။

 အဓိက အကျဆုံး စိုးရိမ်စရာ ကိစ္စကတော့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနဲ့ စွမ်းအင်ကဏ္ဍပဲ။ မြန်မာနိုင်ငံမှာ ကျေးလက်မြို့ပြအားလုံး ၂၀၃၀ ပြည့်နှစ်မှာ ဓာတ်အား ရရှိစေမယ်လို့ ရည်မှန်းချက်ထား ကြိုးစားနေပေမယ့် အခုအတိုင်းဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံအနှံ့ စီးပွားရေး လုပ်ငန်းတွေ၊ အိမ်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေဟာ ဆိုးဆိုးရွားရွား မီးပြတ်မှုတွေကို ကြုံနေရတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်ကဏ္ဍကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ နာရီပေါင်းများစွာ မီးပြတ်မှုတွေဟာ စစ်အာဏာသိမ်းထားတဲ့ခေတ်မှာ မဖိတ်ခေါ်ဘဲ ပြန်ရောက်လာတယ်။ ဒီကြားထဲ ဓာတ်ဆီစျေးက အာဏာမသိမ်းခင်ကထက် သုံးဆ ခုန်တက်သွားပါတယ်။ အကျိုးဆက်ကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေမှာပါ စရိတ်စက မြင့်တက်ပြီး နှောင့်နှေးမှုတွေ၊ အခက်အခဲတွေ ဖြစ်ပေါ်လာတော့တာပါပဲ။

 မြန်မာ့ လျှပ်စစ်ဓာတ်အား အခြေအနေကို သုံးသပ် ဖော်ပြထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ In the Dark အစီရင်ခံစာမှာတော့ “နိုင်ငံရေး မတည်ငြိမ်မှု၊ ပဋိပက္ခတွေနဲ့ ဆက်နွှယ်ပြီး စွမ်းအင်ကဏ္ဍမှာ အားနည်းချက်တွေ၊ လစ်ဟာချက်တွေက အခြေခံ အကျဆုံး အဆင့်ကနေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ရေတို စီမံချက်တွေနဲ့ လွယ်လွယ်လေး ဖြေရှင်းဖို့ မဖြစ်နိုင်ပါ။ ရေရှည်အတွက် သေချာ ရည်ရွယ်ထားတဲ့ အစီအမံတွေကို အကောင်အထည် ဖော်ပြီး ပုံမှန် တိုးတက်မှုတွေ ရရှိအောင် ချဉ်းကပ်ဖို့ လိုအပ်ပါတယ်”လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မရောင်ရာ ဆီလူးဖို့ အင်မတန် ဝါသနာပါတဲ့ စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ တိုင်းပြည်မှာ ၂၀၂၃ ခုနှစ်ကို လျှပ်စစ်ကားတွေ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းတဲ့ ကာလအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ စက်တင်ဘာလထိ လျှပ်စစ်ကား တင်သွင်းမှုပေါင်း ၂၇၀၀ ကျော်ကို မှတ်ပုံတင်ထားပြီးပါပြီ။

 ပဋိပက္ခတွေနဲ့ အနာဂတ် မရေရာတဲ့ စီးပွားရေး အခြေအနေတွေကြောင့် အာဏာသိမ်းမှုအလွန် ကာလမှာ နေရပ်စွန့်ခွာမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပါတယ်။ မကြာသေးခင်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ပြည်တွင်း ပြောင်းရွှေ့မှုတွေကတော့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး အခြေအနေ၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် ပြည်တွင်း ရွှေ့ပြောင်းမှုတွေက ကာလရှည်ကြာ ရှိနှင့်ခဲ့ပေမယ့် ၂၀၂၁ ကစလို့ ပဋိပက္ခတွေဟာ ပြည်တွင်းရွှေ့ပြောင်းမှုတွေရဲ့ အဓိက အကြောင်းတရား ဖြစ်လာပါတယ်။

  ဒါ့အပြင် ပြည်ပကို ရွှေ့ပြောင်း ထွက်ခွာမှုတွေကလည်း အရမ်း များပြားလာတယ်။ လူလတ်တန်းစား မြန်မာနိုင်ငံသား အများအပြားဟာ အိမ်နီးချင်း နိုင်ငံတွေဆီ ရွှေ့ပြောင်း ထွက်ခွာကုန်တယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ပြည်ပထွက်ခွာမှုတွေ ရှိခဲ့ဖူးပေမယ့် အခုအခြေအနေနဲ့ အရမ်းကွာပါတယ်။ အတိတ်ကာလတွေတုန်းက ပြည်ပ ထွက်ခွာကုန်ကြတာဟာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေ များပါတယ်။ လူငယ်လူရွယ်တွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ အထိုက်အလျောက် ကျွမ်းကျင်သူတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ အလုပ်လုပ်ဖို့ ထွက်ခွာကုန်ကြတယ်။ အစိုးရ သတင်းဌာနတွေက အခုနှစ် အောက်တိုဘာလမှာတင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အလုပ်သမား ၃၀၀၀၀ လောက် တောင်ကိုရီးယားကို ထွက်ခွာသွားကြောင်း ဖော်ပြပါတယ်။ ကုမ္ပဏီက စီစဉ်ပေးတဲ့ ထရပ်ဆုတွေ ဝတ်ထားသူတွေ တစုတဝေးကြီး ရန်ကုန်လေဆိပ်က ထွက်ခွာသွားတာက တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်လာပြီး ကိုရီးယားနဲ့ ဂျပန် ဘာသာစကား သင်တန်းတွေမှာ ကျောင်းအပ်နှံမှုကလည်း တရှိန်ထိုး မြင့်တက်လာတယ်။ ဒါက ပြည်ပထွက်ခွာမှုတွေမှာ ရုတ်တရက် ထင်ရှားမြင်သာလာတဲ့ အခြေအနေသစ် တခုဖြစ်ပြီး ထိုင်းမှာလည်း ခန့်မှန်းခြေ မြန်မာ ၄ သန်းလောက် ရောက်ရှိနေနှင့်ပြီးပါပြီ။ စင်ကာပူနဲ့ မလေးရှားတို့မှာလည်း ကာလရှည်ကြာ အခြေချသူတွေ ရှိနေတယ်။

 ဒီနှစ် စက်တင်ဘာလမှာတော့ အာဏာသိမ်း စစ်တပ်က ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ လွှဲပြောင်းပေးရမယ်လို့ အတင်းအကျပ် ညွှန်ကြားခဲ့ပြီး မလိုက်နာရင် မှတ်ပုံတင် သက်တမ်းတိုးခွင့် မပေးဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနှံ့က မိသားစုပေါင်း များစွာအတွက်တော့ ငွေလွှဲမှုတွေရဲ့ လုံခြုံ သိုဝှက်မှုကို အားကိုး အားထား ပြုနေရပါတယ်။ စစ်တပ်က ရွှေ့ပြောင်းလုပ်သားတွေဟာ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ဖို့နဲ့ တချို့ ပတ်စ်ပို့တ် အမျိုးအစားတွေ သက်တမ်းတိုးရာမှာ အခွန်ဖြတ်ပိုင်းတွေ တင်ပြဖို့လည်း ထပ်ပြီး စည်းမျဉ်း ကျပ်တည်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူလတ်တန်းစား တချို့ကတော့ အမေရိကန်က မြန်မာ့ဘဏ်တွေကို အရေးယူ ပိတ်ဆို့လာနိုင်တဲ့ အခြေအနေကနေ ခုသာခံသာရှိစေဖို့ ဒေသတွင်း နိုင်ငံတွေက ဘဏ်တွေမှာ သူတို့ရဲ့ ငွေကြေးတွေကို သွားရောက် စုဆောင်းဖို့ စီစဉ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဟာ မြန်မာလုပ်သားတွေဆီက ရသမျှ ညှစ်ထုတ်ဖို့ လက်တံတွေကို ရှည်ရှည်လျားလျား ဆန့်ထုတ်နေဆဲပါ။

 မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေအပေါ် ပစ်မှတ်ထား ကျူးလွန်မှုတွေကလည်း ဆက်တိုက် မြင့်တက်လာပါတယ်။ အဲဒီကိစ္စအတွက် တိကျတဲ့ တရားဝင် ထုတ်ပြန်ချက်တွေ မရှိပေမယ့် တွေ့မြင် ကြားသိနေရတဲ့ သတင်းတွေနဲ့ ကာယကံရှင်တွေရဲ့ ပြောဆိုမှုတွေအရ အလွယ်တကူ အတည်ပြုနိုင်ပါတယ်။ အာဏာ မသိမ်းခင် ကတည်းကလည်း သိက္ခာရှိတဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း တခုအဖြစ် ဘယ်တုန်းကမှ သတ်မှတ်လို့ မရခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (MPF)ဟာ အာဏာသိမ်းပြီးတဲ့ အချိန်မှာတော့ စစ်ဆေးရေး ဂိတ်တွေမှာ ငွေညှစ်ဖို့ပဲ ကျားချောင်းချောင်းနေတဲ့ အဆင့်ထိ ရောက်လာတယ်။ ငွေမပေးရင် မှုခင်းဖြစ်ရပ်တွေကို စုံစမ်းပေးတာမျိုး လုံးဝ မလုပ်ကြတော့ဘူး။

 အာဏာသိမ်းပြီးချိန်မှာ ဌာနဆိုင်ရာတချို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဟာ အဓိက နယ်ခြား ကုန်သွယ်ရေး ဂိတ်တွေနဲ့ စစ်ဆေးရေး ဂိတ်တွေမှာ နေ့စဉ်လိုလို မှောင်ခို လမ်းကြောင်းတွေကို ကြားဖြတ် ဖမ်းဆီးတာတွေ လုပ်နေပြီး သစ်လုံးတွေ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ လူသုံးကုန်တွေကို သိမ်းယူနေတယ်။ တကယ်တော့ စစ်ကောင်စီဟာ တရားဝင် ကုန်သွယ်မှုတွေကို ကာကွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စနစ်တကျ အဂတိ လိုက်စားမှုတွေကို ဖုံးကွယ်နေတာသာ ဖြစ်ပါတယ်။

 မူးယစ်ဆေး ပြဿနာက အရင်ကတည်းက ခေါင်းခဲစရာ ဖြစ်နေတဲ့ နိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကလည်း အာဏာသိမ်းမှုအလွန် ကာလတွေမှာ သိသိသာသာကြီး ထိုးတက်လာပါတယ်။ မြန်မာ မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျုက လတ်တလော ကောက်ယူထားတဲ့စစ်တမ်းအရ စျေးပေါတဲ့ စိတ်ကြွဆေး (ယာဘ)အပြင် ကိုကင်း၊ မက်သာမက်ဖက်တမင်း အခဲနဲ့ ကက်တမင်း မူးယစ်ဆေးတွေ သုံးစွဲမှုက ပြည်တွင်းမှာ ပိုမို မြင့်တက်လာနေကြောင်း သိရပါတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ တချို့သော နယ်စပ်ဒေသတွေမှာ ဆိုရင်တော့ ဟက်ပီးဝါးတားဆိုတဲ့ မူးယစ်ဆေး ပျော်ရည် သုံးစွဲမှုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ခေတ်စားလာနေတယ်လို့ ဆိုတယ်။

 ဒီလို ခက်ခဲ ကျပ်တည်းမှုတွေနဲ့ ပရမ်းပတာ အခြေအနေတွေကနေ စစ်တပ်ရဲ့ ထိပ်ပိုင်း အရာရှိကြီးတွေ၊ သူတို့ကို အားပေး ထောက်ခံသူတွေကတော့ ကောင်းကောင်းကြီး အကာအကွယ် ရထားပြီး တသီးတခြား ဖြစ်နေပါတယ်။ မြို့ကြီးပြကြီးတွေမှာ ပြန်လည် တည်ငြိမ်လာတာ၊ ပြည်သူတွေက ဆင်းရဲဒုက္ခနဲ့ နေသားကျလာတာတွေ အရင်ခေတ်တုန်းကလို ပြန်ဖြစ်သွားပါလိမ့်မယ်ဆိုတဲ့ အတွေးမျိုးတွေလည်း ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ နားလည်သင့်တာက ဒီကိစ္စတွေဟာ ပုံမှန်အခြေအနေဆီ ဦးတည်နေတာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ မူမမှန်မှု ပုံစံသစ်တခု တစထက်တစ အခြေခိုင်လာနေတာသာ ဖြစ်ပါတယ်။

 (The Interpreter၏ Myanmar: a new abnormal ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)