နိုဝင်ဘာ၊ ၁၀
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
တာဝန်ထမ်းဆောင်စဉ်က ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုကုမ္ပဏီ တွေကို Green Channel စနစ်နဲ့ နိုင်ငံကူးလက်မှတ် လုပ်ဖို့ခွင့်ပြုပေးတာ၊ လာဘ်ယူတာ၊ ဝန်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိတာတွေကို ကြပ်မတ်ဖို့ ပျက်ကွက်တာတွေကြောင့် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ စွဲချက်တင်ကာ စစ်တရားရုံးက စစ်ဆေးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမှုတွဲမှာ ပါဝင်ပတ်သက်တဲ့ တခြားသူတွေကို နယ်ဘက်တရားရုံးတွေမှာ စစ်ဆေးနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကိုလည်း ရဲစည်းကမ်းနဲ့ ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အဲဒီနှစ် ဖေဖော်ဝါရီလကစလို့ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရပြီး ဒုတိယဝန်ကြီးချုပ်ရာထူးပါ ပေးအပ်ခံခဲ့ရသူတဦးဖြစ်ပါတယ်။
ဒါပေမယ့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ အခုနှစ် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လူယုံတဦးအဖြစ် သတ်မှတ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့အတူ အဂတိအမှုတွေနဲ့ စစ်ဆေးခံခဲ့ရပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကရော ပြည်ထဲရေးဝန်ကြီးရာထူးကပါ ဖယ်ရှားခံခဲ့ရပါတယ်။
အဲဒီနောက် သူ့ကို မူလစစ်ဘက်နေရာမှာ ပြန်လည်တာဝန်ထမ်းဆောင်စေကြောင်း စစ်ကောင်စီက ကြေညာထားခဲ့ပေမယ့် လက်ရှိမှာ ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်လို့ ဆက်လက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၆၄)ဆင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုမှာ ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင် ရဲ့သားလည်း ဖြစ်ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း အဂတိ အမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ စစ်တပ် ထိပ်တန်းအရာရှိကြီးတွေဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ နှစ်ဦးကို စစ်ကောင်စီက နှစ် နှစ်ဆယ်နဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – Google