ကန့်ဘလူမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအထိနာ လက်နက် ခုနစ်ဆယ်ကျော် တော်လှန်ရေးတပ်တွေရ

နိုဝင်ဘာ၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အားသုံးရာလောက်ပါတဲ့ စစ်ကြောင်း ဒီကနေ့မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရလို့ အထိနာပြီး လက်နက် ခုနစ်ဆယ်ကျော် ရခဲ့တယ်လို့ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ လောလောဆယ် သေနတ် အလက် ၇၀ ကျော် သိမ်းရထားတယ်၊ တရာဝန်းကျင်လောက် သေနိုင်တယ် ” လို့ သူကပြောပါတယ်။
 
အဲဒီတိုက်ပွဲဟာ မနက်ငါးရီလောက်ကနေ ဆယ်နာရီလောက်အထိ ငါးနာရီဝန်းကျင်ကြာခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ၊ ထွက်ပြေးသူတွေ များတယ်လို့ မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Infinity Group က ဖော်ပြထားပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၇ ရက်ကစလို့ ချပ်သင်းတိုက်နယ်ဘက်ကနေ ကန့်ဘလူမြောက်ခြမ်းက စစ်ကောင်စီအထိုင်စခန်းရှိရာ ကိုးတောင်ဘို့ တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
 
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူကတော့ လက်ရှိအချိန်အထိလည်း တိုက်ပွဲဆက်ဖြစ်နေသေးတာကြောင့် အသေးစိတ်အခြေအနေတွေတော့ မပြောနိုင်သေးဘူးလို့ DNA ကိုပြောပါတယ်။
 
ဒီကနေ့ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကြောင်းကြောင့် ကန့်ဘလူမြောက်ခြမ်းက ကျေးရွာတွေအပြင် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့ တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီ လေးရက်ကြာ စစ်ဘေးရှောင်နေရပြီး ရိက္ခာနဲ့ဆေးဝါး အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တာကြောင့် ဝေဟင်ကနေ တိုက်ခိုက်လာနိုင်ချေရှိပြီး ကန့်ဘလူမြို့နယ် မြောက်ခြမ်း ဒေသခံတွေ လေကြောင်းအန္တရာယ် သတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
 
ကန့်ဘလူမြို့နယ်ဟာ အခုလဆန်းကမှ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ရဲ့ တောင်ဘက်မှာ ရှိတာဖြစ်ပြီး စစ်ကောင်စီထောက်ခံတဲ့ မဘသ ဘုန်းကြီး ဝါသဝဦးဆောင်တဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ​ – infinity group