စစ်ရေးအကျပ်အတည်းဆိုက်လာလို့ ကာလုံခေါ်တာလို့ နိုင်ငံရေးအကဲခတ်တွေ သုံးသပ်

နိုဝင်ဘာ၊ ၉

အာဏာသိမ်းစစ်ကောင်စီက စစ်ရေးအကျပ်အတည်းဆိုက်တဲ့ အခြေအနေ ရောက်လာလို့ အရေးပေါ်အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူ ကျင်းပတာလို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာ သူတွေက သုံးသပ်ကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အာဏာသိမ်းစစ်ကောင်စီကို အခုလို စစ်ရေးအကျပ်တည်းဆုံး အခြေအနေကို ရောက်ရှိလာစေတယ်လို့ ဆိုကြပါတယ်။

“တပတ်လောက်အတွင်းမှာ စစ်စခန်း တရာလောက်ကျသွားတယ်ဆိုတာ အလွန်ဆိုးဝါးတဲ့ သက်ရောက်မှုပါ။ စစ်တပ်အတွက် စစ်ပညာပေး အဓိကအဆောက်အအုံတွေ ရှိနေတဲ့ ပြင်ဦးလွင်အထိပါ ခြိမ်းခြောက်ခံထားရတဲ့ အခြေအနေ ရောက်ရှိလာတဲ့ အချိန်မှာ ကာလုံခေါ်ပြီး အသိမပေးလို့ မဖြစ်တဲ့အတွက်ပါ” လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DNA ကို ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်ပတ်တာကာလအတွင်းစခန်းပေါင်း ၁၅၀ ကျော်အပါအဝင်  ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်နဲ့ မုံးကိုးမြို့တွေကို ကိုးကန့်တပ်(MNDAA) ဦးဆောင်တဲ့မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 တအာင်းတပ်(TNLA)ဦးဆောင်တဲ့မဟာမိတ်တပ်တွေကလည်း နမ့်ခမ်း၊ သိန္နီမြို့တွေက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့  ဌာနဆိုင်ရာ ရုံးအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MDY PDF) နဲ့ တအာင်းတပ်တွေဟာလည်း စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းကျောင်းတည်ရှိ ပြင်ဦးလွင်အနီး နောင်ချိုမြို့ အနီးတဝိုုက်အထိ စစ်ဆင်ရေးတွေဖော်ဆောင်နေတာလည်းရှိပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောင်ပိုင်း ခြောက်ကြိမ်မြောက် ကာလုံအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်၊ မနေ့က ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က  ၁၀၂၇ စစ်ဆင်ရေးကို လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ပြောဆိုသွားပါတယ်။

“ကာလုံမှာကတော့ ဒီအင်အားစုတွေကို တုံ့ပြန်တိုက်ခိုက်မယ်လို့ ပြောပေမယ့် လက်တွေ့ကတော့ ဘာမှ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

ပုံမှန်အားဖြင့်တော့ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးချိန်တွေမှာသာ ကာလုံအစည်းအဝေး ခေါ်ယူကျင်းပပြီး အရေးပေါ်ကာလသက်တမ်းထပ်တိုးတာတွေ လုပ်လေ့ရှိပေမယ့် အခုတကြိမ်မှာတော့ အရေးပေါ်ကာလ သက်တမ်းကုန်ဖို့ သုံးလနီးပါးကျန်နေသေးတဲ့ အချိန်မှာပဲ ခေါ်ယူကျင်းပခဲ့တာပါ။

“ရှမ်းမြောက်တင်မကဘူး ။နေရာတိုင်းမှာ အထိနာနေတာ၊ သူတို့ အမြဲပြောတဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပေါ့နော် ကျရှုံးလာတယ်။ အဲဒီအတွက် တော်တော်ကို အရေးကြီးလာပြီပေါ့။ ကာလုံမှာ မတင်ပြဘဲနဲ့ အဲလိုကိစ္စမျိုးက ဖွဲ့စည်းပုံအရလည်း အဆင်မပြေဘူးပေါ့” လို့ လွှတ်တော်အမတ်ဟောင်း၊ ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတွေကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ ခမ်းပတ်၊ ပင်လည်ဘူး မြို့တွေကို အခုရက်ပိုင်းအတွင်းမှာပဲ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရေးကြိုတင်ပြင်ဆင်နေတာ၊ အရပ်သားပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်တေးတင်းကြပ်တာ၊ မီဒီယာတွေကို ဖိနှိပ်တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လုပ်နေတာဟာ ရခိုင်ဒေသရဲ့ ၁၀၂၇ စစ်ဆင်ရေးအစဟု ပြောနိုင်ကြောင်း ရခိုင်တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။

ဒါ့အပြင် ကရင်နီဒေသနဲ့ကရင်ပြည်နယ်၊ကော့ကရိတ်ဘက်အပါအဝင် စစ်ကိုင်း၊ မကွေးစတဲ့ တော်လှန်ရေး အင်အားကောင်းတဲ့ ဒေသတွေကလည်း ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူပါဝင်ကြဖို့ ထုတ်ပြန်ကြေညာထား တာလည်း ရှိပါတယ်။

မနေ့က ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာတော့ ကာလုံအဖွဲ့ဝင် ၁၁ ဦးအပြင်  လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေလည်း အထူးဖိတ်ကြားခံရသူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

“သူတို့စစ်တပ်သက်သက်လုပ်တယ်ဆိုတာထက် ကာလုံအစည်းအဝေးခေါ်ပြီးတော့ လုပ်ခဲ့တယ် ။အရပ်ဘက်တွေလည်း ပါတယ်ဆိုတဲ့ ပုံစံမျိုးအသွင်ဖော်တာပေါ့” လို့ ဦးဖေသန်းက ပြောပါတယ်။

ကာလုံကို သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေး၊ နယ်စပ်၊ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ၁၁ ဦးနဲ့ဖွဲ့စည်းထားပြီး အခုအစည်းအဝေးကို တော့ ဒုတိယသမ္မတတဦးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌမပါဝင်ဘဲကျင်းပတာပါ။

စစ်အာဏာသိမ်းပြီးနောက် ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဦးမြင့်ဆွေကတော့ တပ်မတော်အနေနဲ့ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံမဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့လည်း မနေ့ကပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

စစ်ကောင်စီက မနေ့က ခေါ်ယူကျင်းပတဲ့ ကာလုံအစည်းအဝေးအပြီး ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်မလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

“အဲဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေဆိုပြီး သတ်မှတ်နိုင်တယ်။ နောက်ပြီးတော့ ဒီကိစ္စက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ဆိုပြီး တခြားသူတို့ လုပ်လာနိုင်တာတွေလည်းရှိတယ်။ ဥပမာ ဖွဲ့စည်းပုံ ပုဒ်မ ၃၈၆ လိုမျိုး နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူတိုင်းက မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပုဒ်မမျိုးပေါ့။ ဘာတွေလုပ်မလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရအုံးမှာပေါ့” လို့ ဦးဖေသန်းက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရှမ်းမြောက်ဒေသက တိုက်ခိုက်မှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တာကြောင့် အလေးထားဆောင်ရွက်နေတယ်လို့ ကာလုံအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာတည်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်မထိခိုက်စေရေး ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လက်တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့သိမ်းစစ်ဆင်ရေးတွေက နွေဦးတော်လှန်ရေးရဲ့ စစ်ရေးထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးမော့စေခဲ့တယ်လို့ ဒီလ ၇ ရက်က ဆိုထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကလည်း စရှမ်းမြောက်ဒေသစစ်ဆင်ရေးမှာ NUG အစိုးရ လက်အောက်ခံ Mdy PDF တွေနဲ့ တခြားစစ်နယ်မြေတွေမှာ PDFတွေ၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့တွေဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ဟန်ချက်ညီညီ စစ်ဆင် နေကြ တယ်လို ့ Mizzima Media နဲ့တွေ့ဆုံမေးမြန်းရာမှာ ပြောကြားထားပါသေးတယ်။

“ဆယ်ရက်လောက်အတွင်းမှာ သူ့တို့တပ်တွေ ဒီလောက်ထိ သိမ်းပိုက်ခံရတယ်ဆိုတဲ့ အနေအထားမှာ သူ့တို့အနေနဲ့ စိုးရိမ်တာပေါ့၊ အဲဒီထက် ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အခြေအနေက ၁၀၂၇ စစ်ရေးစီမံကိန်းနဲ့ နွေဦးတော်လှန်ရေး ပေါင်းစပ်သွားလို့ ရှိရင် အရူးမီးဝိုင်း အခြေအနေ ဆိုက်ရောက်တော့မှာ” လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။