ပီကာဆိုလက်ရာ ပန်းချီကားတချပ်ကို ဒေါ်လာ သန်းတရာ့လေးဆယ် နီးပါးနဲ့ ရောင်းချ

နိုဝင်ဘာ၊ ၉

ဂန္ထဝင် ပန်းချီဆရာ ပက်ဘလို ပီကာဆိုရဲ့ လက်ရာ ပန်းချီကား တချပ်ကို ဒေါ်လာ သန်း ၁၄၀ နီးပါးနဲ့ ရောင်းချခဲ့ရပြီး သူ့ရဲ့ ပန်းချီကားတွေထဲမှာ ဒုတိယ စျေးအမြင့်ဆုံး ရရှိမှုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

 Sotheby လေလံဌာနက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ လေလံပွဲမှာ Femme a la Montre (လက်ပတ်နာရီနဲ့ အမျိုးသမီး) ပန်းချီကားကို ဒေါ်လာ ၁၃၉ သန်းနဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပန်းချီကားကို ကြမ်းခင်းစျေး ဒေါ်လာ သန်း ၁၂၀ သတ်မှတ်ထားခဲ့ပါတယ်။

 ၁၉၃၂ ခုနှစ်တုန်းက စပိန် ပန်းချီ အကျော်အမော် ရေးဆွဲခဲ့တဲ့ ပန်းချီကားဟာ သူ့ရဲ့ လက်ရာတွေကို နှစ်သက်တဲ့ ပြင်သစ် မော်ဒယ်လ် မာရီ ထရေဆာ ဝေါ်လ်တာရဲ့ ပုံတူလို့ ဆိုစမှတ် ပြုကြပါတယ်။

 Sothebyက အဲဒီ ပန်းချီကားဟာ အခုနှစ်အတွက် တန်ဖိုးအမြင့်ဆုံး ရရှိတဲ့ စံချိန်တင် အနုပညာ လက်ရာ ဖြစ်လာကြောင်းလည်း ပြောပါတယ်။ မူလက ပန်းချီကားကို ကွယ်လွန်သွားပြီဖြစ်တဲ့ အနုပညာ ပစ္စည်း စုဆောင်းသူ အီမလီ ဖစ်ရှ လန်ဒေါက ၁၉၆၈ မှာ ဝယ်ယူပြီး စုဆောင်းထားခဲ့တာပါ။ Sothebyက လေလံတင်ချိန်မှာ ဝယ်ယူသွားသူကတော့ သူ့နာမည်ကို မဖော်ပြခဲ့ပါဘူး။

 ဝေါ်လ်တာဟာ အသက် ၁၇ နှစ်အရွယ်မှာ အဲဒီတုန်းက အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ ပီကာဆိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပီကာဆိုဟာ ယူကရိန်း ဘဲလေး ကချေသည် အိုလ်ဂါ ခေါ့ခ်လိုဗာနဲ့ လက်ထပ်ထားတဲ့ အချိန်ဖြစ်ပြီး သူနဲ့ ဝေါ်လ်တာကြားမှာ လျှို့ဝှက်ထားတဲ့ အချစ်ရေးမျိုး တည်ဆောက်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။

 ဝေါ်လ်တာဟာ ပီကာဆိုရဲ့ ပန်းချီကား တချို့မှာ အဓိက ရည်ညွှန်းခံရတဲ့ မော်ဒယ်လ် ဖြစ်ခဲ့ပြီး Femme Nue Couchee (လှဲလျောင်းနေတဲ့ အမျိုးသမီး) ပန်းချီကားအတွက်လည်း သရုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပန်းချီကားကိုတော့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၆၇.၅ သန်းနဲ့ လေလံတင် ရောင်းချဖူးပါတယ်။

 ပီကာဆိုလက်ရာ ပန်းချီကားတွေထဲမှာ စျေးနှုန်းအမြင့်ဆုံး ရခဲ့ဖူးတာကတော့ Les Femmas d’Alger (အယ်လ်ဂျီယာက အမျိုးသမီးများ)ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Christie လေလံဌာန ဒေါ်လာ ၁၇၉.၃ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

 ၁၈၈၁ ခုနှစ်တုန်းက မာလာဂါမှာ မွေးဖွားခဲ့တဲ့ ပီကာဆိုဟာ ဘာစီလိုနာမြို့မှာ အခြေချ ကြီးပြင်းလာပြီး အဲဒီနောက်မှာတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါရီမှာ အခြေစိုက်ပြီးတဲ့ အခါမှာတော့ သူဟာ ၂၀ ရာစုရဲ့ အကြီးကျယ် အခမ်းနားဆုံး ပန်းချီ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံလာရပါတယ်။ သူ့ရဲ့ ပန်းချီပညာရှင် သက်တမ်းဟာ ဆယ်စုနှစ် ရှစ်ခုနီးပါး ကြာမြင့်ခဲ့ပြီး အနုပညာ လက်ရာပေါင်း ၁၅၀၀၀၀ ဝန်းကျင်ထိ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။