နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီရဲ့ သံချပ်ကာ ကားတစီးတိုက်ခိုက်ဖျက်ဆီးခံရ

နို၀င်ဘာ ၊ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ အုမ္မခါးကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့သံချပ်ကာကားတစီးကို တော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ TNLA နဲ့ PDF တို့က အတည်ပြုကြပါတယ်။

“တစီးတော့ ပျက်ပြီးတော့ ရပ်သွားတယ်လို့တော့သိရတယ်၊အသေးစိပ်မသိရသေးဘူး၊မကြာခင် ထုတ်ပြန် ပေး ပါမယ်၊ ဒီသံချပ်ကာ သုံးစီးက မနေ့ညပိုင်းလောက်က တက်လာတဲ့စစ်ကူလို ပြောလိုရတယ်” လို့ MDY-PDF ပြောခွင့်ရ  ကိုအော်စမွန်က DNAကို ပြောပါတယ်။

သံချပ်ကာကား သုံးစီးနဲ့အတူ စစ်ကူလာရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်လို သံချပ်ကာကားတစီး ပျက်စီးခဲ့ပြီး ကျန်နှစ်စီးနဲ့ စစ်ကူ တွေ နောက်ပြန်ဆုတ်သွားရတယ်လို့ တအာင်းတပ်(TNLA) က ဓာတ်ပုံ မှတ်တမ်းနဲ့ တကွ သတင်းထုတ်ပြန် ထားပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတွေကြား နောင်ချိုမြို့ ဂုတ်တွင်းထိပ် မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသလို ဒီကနေ့ မနက်ပိုင်းအထိ အဲဒီလမ်းပိုင်းမှာ လက်နက်ကြီးတွေ နဲ့ပစ်ခတ် နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုမြို့ ဒေသခံ တဦးကပြောပါတယ်။

“ ကျောက်မဲဘက်ကနေလည်း နောင်ချိုသွားမရဘူး၊ နောင်ချိုကနေလည်း ပြင်ဦးလွင်ဘက် သိပ်သွား မကောင်း တော့ဘူး၊ဂုတ်တွင်း လမ်းပိုင်းတွေလည်း အခုပိတ်ထားတယ် ” လို့ သူကဆိုပါတယ်။

နောင်ချိုမြို့ ရွှေညောင်ပင် ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကိုလည်း ဒီကနေ့မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်(TNLA) ကထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာသုံးဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ခုခံနေရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တွေကို စစ်ကူပေးဖို့လာတဲ့ စစ်အုပ်စုကို တအာင်းတပ်(TNLA) နဲ့ မန္တလေး(PDF) တို့က နောင်ချိုမြို့မှာ ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်နေတာပါ။

အခုလဆန်း ၁ရက်နေ့ကစလို့ ပြင်ဦးလွင်မြို့က တဆင့် ရှမ်းမြောက်ဒေသကို ကားအစီး သုံးဆယ်ကျော်၊တင့်ကား နှစ်စီး၊စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၁၅၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ လက်ရှိ အချိန် အထိ နောင်ချိုမြို့ကို မကျော်ဖြတ်နိုင်သေးဘူးလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန် ကပြောပါတယ်။

အဲဒီ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက အခုလ ၂ရက်မှာ နောင်ချိုမြို့နယ် အုမ္မတီးနဲ့ အုမ္မခါးလမ်းခွဲအနီးမှာ ဖြတ်တောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးသလို နှစ်ဦးကိုသုံ့ ပန်းအဖြစ်ဖမ်းမိခဲ့တယ်လို့ မန္တလေး (PDF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေး စတင်ပြီး နှစ်ပတ်တာကာလတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို အလုံးစုံ ထိန်းချူပ်နိုင်ဖို့ နဲ့ အုပ်ချူပ်ရေးပိုင်းတွေကို အပြီးသတ်အစားထိုးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မြောက်ပိုင်းညီ နောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်လောက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချင်းရွှေဟော်၊ ကြူကုတ်၊ ဖောင်းဆိုင်း၊ မုံးကိုး၊ နမ့်ခမ်းနဲ့ သိန္နီမြို့တို့ကို သိမ်းပိုက်ရရှိ ထားတယ်လို့ ဆိုထားပါတယ်။