ဂါဇာစစ်ပွဲ အသေအပျောက်အရ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ တခုခု မှားနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

နိုဝင်ဘာ၊ ၉

 ဂါဇာ စစ်ပွဲရဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို ကြည့်ရင် အစ္စရေးရဲ့ ထိုးစစ်ဟာ တခုခု မှားယွင်းနေပြီဆိုတာ အထင်အရှား မြင်သာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

 အောက်တိုဘာ ၇ ရက်မှာ ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဟားမားစ်ဟာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့သလို နောက်ထပ် ၂၄၀ ကျော်ကိုလည်း ဟားမားစ်တွေက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

 အဲဒီနောက် အစ္စရေးက ဂါဇာမှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး လက်တုံ့ပြန်ခဲ့တာကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၄၀၀၀ ကျော်ဟာ ကလေးတွေ ဖြစ်တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဟားမားစ်တွေဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချတဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေကြောင်း၊ ဒါပေမဲ့ တချိန်တည်းမှာပဲ ပါလက်စတိုင်းက အရပ်သား သေပျောက်မှု ကိန်းဂဏန်းတွေကို ကြည့်ရင် အစ္စရေးရဲ့ စစ်ဆင်ရေးတွေကလည်း တခုခု အကြီးအကျယ် လွဲမှားနေတယ်ဆိုတာ မြင်သာကြောင်း ပြောပါတယ်။

 ပါလက်စတိုင်း ပြည်သူတွေ လူသားချင်း စာနာမှု အထောက်အပံ့တွေ အရေးတကြီး လိုအပ်ပြီး ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ ဆိုးဆိုးရွားရွား ဖြစ်စဉ်တွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေကြရတာဟာ အစ္စရေးရဲ့ ပုံရိပ်အတွက်လည်း မကောင်းနိုင်ဘဲ နိုင်ငံတကာ အမြင်မှာ အဆိုးဖက်ကို ရောက်သွားလိမ့်မယ်လို့လည်း ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

သူက ပါလက်စတိုင်း ပြည်သူတွေအတွက် ရပ်တည်ခြင်းဟာ ဟားမားစ်ကို ထောက်ခံတာ မဟုတ်ကြောင်း ကွဲကွဲပြားပြား နားလည်ဖို့ လိုကြောင်းလည်း ဆိုပါတယ်။ ဒီကိစ္စကို အထင်အရှား စည်းခြားထားရမှာ ဖြစ်ကြောင်း၊ ဟားမားစ်ဟာ သီးခြား ကိစ္စဖြစ်ပြီး ပါလက်စတိုင်း ပြည်သူတွေနဲ့ ရောထွေး စဉ်းစားလို့ မရကြောင်း ဂူတာရက်ဇ်က အလေးအနက် ထောက်ပြသွားပါတယ်။

အစောပိုင်းတုန်းကလည်း ဂူတာရက်ဇ်ဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ကလေးငယ်တွေ အများအပြား သေဆုံးမှုကို အကြောင်းပြုပြီး ဂါဇာဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာနေပြီလို့ သတိပေး ပြောဆိုခဲ့ဖူးပါတယ်။