နိုဝင်ဘာ၊ ၈
မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ် ၊ခလွန်ကျေးရွာနဲ့ စွပ်ပနူးကျေးရွာချင်းဆက်လမ်းပိုင်းမှာဆိုယ်ကယ်နဲ့ သွားနေတဲ့ အမျိုးသားတဦး နိုဝင်ဘာလ ၇ ရက်၊ ည ၁၀ နာရီခန့်က သေနတ်ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိပြီး စိုးရိမ်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ ကျေးရွာချင်းလမ်းပိုင်းမှာ အဲဒီအနားက စစ်ဆေးရေးဂိတ်လိုလို ကင်းပုန်းလိုလို ရှိတယ်။ အဲဒီအနားမှာ ပစ်ခံရတာ။” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
မရမ်းချောင်ကျေးရွာနေ အသက် လေးဆယ်ကျော်အရွယ် ဦးလွမ်းဝေဟာ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် လည်းပင်၊ လက်နဲ့ ခြေထောက်တွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
“ ပစ်ခံရတာပဲ သိတာ၊ သူ့အကြောင်းကို သေချာမသိဘူး။ တချို့ပြောတာက သူက လက်နက်ကိုင်အဖွဲ့တခုက အနားယူထား တာလို့ ပြောတယ်။ သတင်းပေးတွေ လုပ်တယ်လို့ ပြောတယ်။ ခုက ဘယ်သူပစ်တော့ မသိဘူး၊ အဲနားတဝိုက်က စစ်တပ်ပဲ ရှိတာ။” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဦးလွမ်းဝေမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတခုကနေ အာဏာမသိမ်းခင်ကတည်းက စစ်တပ်ထံ အလင်းဝင်ထားသူဖြစ်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းကာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကို ပေးနေတာရှိတယ်လို့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ဒီပစ်ခတ်မှုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။
“ ဒီကောင်တွေမှာ လူမှားပစ်မိတာပဲ ထင်တယ်။ ညဘက်ဆိုတော့ အဲချိန်က အဲဒီအနားမှာ သူတို့ပဲ ရှိတာ၊ ပြီးတော့ အခုပစ်ခံရတဲ့သူတောင် မသိဘူးဗျ။” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
ဒါအပြင် အဲဒီနေ့ မနက် ၈ နာရီခန့်မှာလည်း ကျိုက်ထိုမြို့နယ် ၊သစ်ဆိပ့်ပင်ကျေးရွာမှာ ရာဘာအစေးခြစ်သွားတဲ့ ခြံလုပ်သား တဦး မိုင်းနင်းလို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းနင်းမိတဲ့သူဟာ အသက် ၅၅ နှစ်အရွယ် ဦးဝင်းဇော်ဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ပင်ကျေးရွာမှာရှိတဲ့ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူ ရောဘာခြံမှာ အစေးခြစ်ဖို့ တဦးတည်း ဆိုင်ကယ်နဲ့ သွားတဲ့ချိန် လမ်းမှာ မိုင်းနင်းခဲ့တာ ဖြစ်ပါတယ်။
မိုင်းနင်းမိလို့ ဦးဝင်းဇော်ရဲ့ ယာဘက်ခြေသလုံး၊ လက်နဲ့ ခန္ဓာတွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူ နေရတယ်လို့ ဆိုပါတယ်။
“ ဆိုင်ကယ်ထိသွားလို့ လူက နည်းနည်းသက်သာသွားတယ်ပြောတယ်။ ခြေထောက်လက်ဖြတ်တောက်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။
အခု မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာဆိုရင် စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက လှုပ်ရှားသွားလာနေတဲ့နေရာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုခြင်းကို တားဆီးပိတ်ပင်ထားတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးတာ မရှိပါဘူး။
မြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ အသုံးပြုနေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကလည်း သထုံမြို့နယ် ကင်မွန်းခြုံကျေးရွာပြင်မှာ နွားစာရိတ်သွားတဲ့ လူငယ်သုံးဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝ ဦးနဲ့ ဒီနှစ် ပထမခြောက်လမှာ ၅၅၆ ဦးအထိ ရှိလာပြီး သုံးပုံတပုံကတော့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။