နိုဝင်ဘာ၊ ၈
တရုတ်နဲ့ လာအို နိူင်ငံတွေဆီမြန်မာအလုပ်သမားတွေတရားဝင် စေလွှတ်နိုင်ဖို့အရေး သက်ဆိုင်ရာနိုင် ငံတွေ နဲ့ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
“ပြည်ပရောက်အလုပ်သမားတွေရဲ့လွှဲပို့ငွေကို တအားလိုချင်နေတာဆိုတော့တရားမဝင် လုပ်သားဈေး ကွက်ကို တရားဝင်ဖြစ်အောင်လုပ်ဖို့ကြိုးစားတဲ့သဘောပဲလေ။တရားဝင်ဖြစ်မှစာရင်းအချက်အလက်နဲ့ ကျပ်လို့ရမှာ၊ အဲဒါ ကြောင့်လို့ပဲထင်တယ်”လို့ ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်တဦးကပြောပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ နိုဝင်ဘာ ၃ရက်ကနေ၄ရက်အထိ ပြုလုပ်ခဲ့ တဲ့ အာဆီယံ-တရုတ် ဖိုရမ်မှာ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်က သက်ဆိုင်ရာနိုင်ငံတွေက တာဝန် ရှိသူတွေနဲ့သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာလည်းမြန်မာလုပ်သားတွေအနေနဲ့ အဲဒီနိုင်ငံတွေဆီသွားရောက်လုပ်ကိုင်နေကြတာရှိပေမယ့် နှစ်နိုင်ငံ အစိုးရချင်းသဘောတူလက်မှတ်တွေရေးထိုးကာ တရားဝင်ခွင့်ပြုထားတာမျိုးမရှိတာကြောင့် စစ်ကောင်စီက တ ရားဝင်စေလွှတ်နိုင်ရေးဖို့ကြိုးစားလာတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးကဆိုပါ တယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဦးမြင့်နောင်ဟာ လာအိုနိုင်ငံ၊ အလုပ်သမားဝန်ကြီးဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံစဉ် နယ်စပ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံသား အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ တရားဝင်ရရှိစေရေး၊ အလုပ်သမား အဝင်/အထွက် စည်းကြပ်နိုင်ဖို့နားလည်မှုစာချွန်လွှာ ရေးထိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
လာအိုနိုင်ငံဟာ အရင်က မြန်မာနိုင်ငံထက်စီးပွားရေးနိမ့်ကျခဲ့ပေမယ့် နောက်ပိုင်းမှာ မြန်မာနိုင်ငံကလုပ်သားတွေ အခြေခံလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရတဲ့အခြေအနေအထိ ကွာခြားသွားတယ်လို့ အလုပ်အကိုင် အေ ဂျင်စီအသိုင်းအဝိုင်းကပြောပါတယ်။
“များသောအားဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာသွားလုပ်နေကြတာ၊တရုတ်ပိုင်လုပ်ငန်းတွေကအဓိကခေါ်တာ၊တရားဝင်တော့မဟုတ်ဘူး၊မြန်မာနိုင်ငံထက်လုပ်ခသာတော့သွားကြတာပေါ့”လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ ကိုယ်စားလှယ်တဦးကပြောပါတယ်။
လာအိုနိုင်ငံတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် စစ်ကောင်စီအလုပ်သမားဝန်ကြီးက ကူမင်းမြို့ရှိ တယ် ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ ပေါင်စန်းဒေသ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ မြန်မာရွှေ့ပြောင်း အလုပ် သမားရေးရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံမှုအတွင်းမြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်မှုအခြေအနေ၊ မြန်မာအလုပ်သမားတွေ တရုတ်နိုင်ငံမှာ တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့်ကိစ္စရပ်တွေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားသား အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိူင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေကိုတရားဝင် လုပ်ကိုင်ခွင့်မပေးထားဘဲ တရားမဝင် သွားရောက် လုပ်ကိုင်မှုတွေသာရှိနေတာလို့ ပြည်ပအလုပ်သမားစျေးကွက်ကျွမ်းကျင်သူတွေကဆိုပါတယ်။
“တရုတ်နိူင်ငံမှာ အလုပ်သမားအခွင့်အရေးပြသနာတွေရှိလို့ ခေတ်အဆက်ဆက်မှာ မြန်မာအလုပ်သမားမ လွှတ်ဖို့ ဆိုတဲ့မူရှိခဲ့တယ်၊အခုတော့ကိုယ့်ဘက်ကကိုတရားဝင်ဖြစ်ဖို့တောင်းဆိုနေရတဲ့အခြေအနေဖြစ်သွားတာပေါ့”လို့ ပြည်ပအလုပ်အကိုင်စျေးကွက်ကျွမ်းကျင်သူတဦးကပြောပါတယ်။
လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီ ၅၀၀ နီးပါးရှိပြီး အဲဒီအေဂျင်စီတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ကာတာ၊ မကာအို(ဒေသ) နိုင်ငံတွေကိုသာ အလုပ်သ မားတရားဝင်စေလွှတ်ခွင့်ရထားတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက်အလုပ်သမားတွေရဲ့ လစာ ၂၅ရာခိုင်နှုန်း မိသားစုဆီတရားဝင်လွှဲဖို့နဲ့ နိုင်ငံခြားငွေ နဲ့ရတဲ့ ဝင် ငွေခွန်ပေးဆောင်ဖို့ကြပ်မတ်ထားတဲ့နည်းတူ ပြည်ပလုပ်သားစျေးကွက်ကိုပါချဲ့ထွင်ဖို့ကြိုးစား လာ တာလို့ အလုပ်သမားရေးရာလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။
ပုံစာ- မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲအလုပ်သွားရှာဖို့ ကြိုးစားနေကြသူများ