ဝက်လက်မှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့

နိုဝင်ဘာ၊ ၈
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာမှာ ခေါင်းဖြတ်ပြီး အသတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း နှစ်လောင်းကို နိုဝင်ဘာ ၇ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အလောင်းနှစ်လောင်း တွေ့တာပေါ့။ ခေါင်းဖြတ်သတ်ခံထားရတာပဲသိတယ်။ ဘယ်သူလဲဆိုတာ ပြောဖို့ကျ ခက်တယ် “ လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က နေ့လယ်ပိုင်းမှာ တောနင်းနေချိန် ဝက်လူးအိုင်ကျေးရွာ အဝင်လမ်းရဲ့ မြောက်ဘက် ရထားလမ်း အရှေ့ဘက် ပြောင်းဖူးခင်းထဲမှာ အဲဒီ ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တာပါ။
 
ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Wetlet Information Network ကတော့ အဲဒီအလောင်းနှစ်လောင်းဟာ စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့သူတွေဖြစ်တယ်လို့ ရေးသားထားပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝက်လက်မြို့ကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသလို အနီးအနားကျေးရွာက ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ ရှိသလို သတ်ဖြတ်ပြီး ပစ်ထားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။
 
အဲဒီရုပ်အလောင်းနှစ်လောင်းဟာ ဒေသခံအရပ်သားတွေရဲ့ ရုပ်အလောင်း ဖြစ်နိုင်သလို စစ်ကောင်စီတပ်သားတွေလည်း ဖြစ်နိုင်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ အနီးအနားက ကျေးရွာတွေကို ဖမ်းဆီးခံထားရသူ ရှိ၊ မရှိ စုံစမ်းခိုင်းထားတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
အဲဒီရုပ်အလောင်းနှစ်ခုကိုတော့ မနေ့ကပဲ အနီးအနားကျေးရွာက တာဝန်ရှိသူတွေက သဂြိုလ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။