အမ်းမှာ တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံရပြီးနောက် ဒုရဲအုပ်အပါအဝင် ရဲခြောက်ဦးကို AA ဖမ်းဆီး

နိုဝင်ဘာ၊ ၈
 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA)နယ်မြေထဲ ဝင်ရောက်လာတဲ့ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို နိုဝင်ဘာ ၇ ရက်၊ ညနေပိုင်းမှာ AA က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
” ဆီဘောက်ဆာကား တစီးကို ရဲတွေက ကားနဲ့ လိုက်ဖမ်းကြတာ။ အဲဒါ တပ်တော် (AA)နယ်မြေထဲ ရောက်သွားတော့ ကားရော၊ လူကိုရော ဖမ်းထားလိုက်ကြတာ။ မြို့အဝင်နား တောင်ဖြူဆည်နားမှာပါပဲ အဖမ်းခံရတာက ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်တုန်းက အမ်းမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်တဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး AA ကလည်း စစ်ကောင်စီလက်အောက်ခံတွေကို အခုလို ပြန်ဖမ်းလိုက်တာ ဖြစ်တယ်လို့လည်း နီးစပ်သူတွေက ဆိုကြပါတယ်။
 
ရခိုင်ပြည်နယ်၊ အမ်းမြို့ဟာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက် မြို့ဖြစ်ပါတယ်။
 
AA ဟာ မြောက်ဦးမြို့ထွက်ဝကနေ ကျောက်တော်မြို့အနီး စစ်ကောင်စီတပ်မ အနားအထိ ကားလမ်းတလျှောက်နဲ့ ဝဲယာဒေသတွေကို ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတွေဟာလည်း အဲဒီလမ်းတွေမှာ သွားလာ၊ လှုပ်ရှားမှု မရှိသလောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ မြောက်ဦးခရိုင် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ စစ်ကောင်စီတပ်အရာရှိက AA တာဝန်ရှိသူတွေထံ သွားရောက်၊ တောင်းပန် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ကြားသိရကြောင်း နီးစပ်သူတွေက ပြောကြပါတယ်။
 
” သွားတောင်းပန်တာကတော့ ဟုတ်တယ်။ ရဲတွေကို ပြန်လွှတ်ပေးလိုက်ပြီလား၊ မလွှတ်သေးဘူးလား ဆိုတာတော့ သေချာမသိသေးဘူး ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
 
အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
 
ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ဖမ်းဆီးခံရစဉ် မြောက်ဦးမြို့တွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပေမယ့် ဒီနေ့မှာတော့ အခြေအနေပုံမှန်ပဲလို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ ဂေါ်တူကျေးရွာမှ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့မှာပဲ AA ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား သုံးဦးကို ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
 
အဲဒီနောက် နှစ်ဖက်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး အပြန်အလှန်လွှတ်ပေးခဲ့ကြပါတယ်။
 
အလွတ်သဘော အပစ်ရပ်ထားတဲ့ ရခိုင်မှာ အဲဒီလို အပြန်အလှန်ဖမ်းဆီးမှုတွေ များလာရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တာမို့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
” တိုက်ပွဲတွေ ပြန်ဖြစ်တော့ မလား စိုးရိမ်ကြတာပေ့ါ။ ဒီဘက် (စစ်ကောင်စီ)က ကိုယ့်ဟာ ကိုယ်အေးဆေးနေရင်တော့ မဖြစ်လောက်ဘူး ” လို့ မြောက်ဦးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
AA ပြောခွင့်ရ ဦးခိုင်သုခကလည်း ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲဟာလည်း အဲဒီလို အပြန်အလှန်ဖမ်းဆီးမှုတွေကပဲ ပြန်စခဲ့တာဖြစ်လို့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်တွင်း စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ဆေးရေးတင်းကြပ်မှုတွေနဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ နှစ်ကုန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ AA နဲ့ စစ်တပ်တို့ဟာ ၂၀၂၀ နှစ်လယ်၊ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ အပစ်ရပ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်က ကရင်ပြည်နယ်အတွင်းရှိ AA စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ရခိုင်ဒေသခံတွေအပေါ် ဖမ်းဆီး၊ စစ်ဆေးတာတွေ လုပ်ခဲ့ကာ တိုက်ပွဲတွေ တကျော့ပြန် ပြန်စခဲ့ပါတယ်။
 
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှာတော့ နောက်တကြိမ် အပစ်ရပ်ကာ အခုချိန်အထိ ရခိုင်ပြည်တွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်က လက်နက်ရိက္ခာ၊ စစ်အင်အာဖြည့်တင်းတာ၊ ခရီးသွားတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာတို့ ရှိနေသလို ကချင်ပြည်နယ်အတွင်းက AA တပ်စခန်းတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပါတယ်။
 
တချိန်တည်းမှာပဲ AA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်း စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး အောက်တိုဘာလ ၂၇ ရက်ကနေ ဒီကနေ့ အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် ထိုးစစ်ဆင်၊ သိမ်းပိုက်နေပါတယ်။
 
ဓာတ်ပုံ – AA