မုံရွာမှာ နှစ်ရက်အတွင်း အရပ်သားလေးဦး သေဆုံး၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ

နိုဝင်ဘာ ၇
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာ၊ မိုင်းနင်းမိတာနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပစ်ခတ်ခံရလို့ သေဆုံးသူ စုစုပေါင်း လေးဦးရှိလာပြီး ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတဦး သေဆုံးပြီး လေးဦးထိခိုက် ဒဏ်ရာ ရခဲ့တာပါ။
 
“ အဲ့နေ့ ညောင်ဖြူပင် ရဲစခန်း ကိုယ့်ဘက်က အရင်သွားပစ်တာပေါ့ “ လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ညောင်ဖြူပင်၊ ဘုဘရွာ၊ လယ်တော်၊ ချောင်းကောက် စတဲ့ ရွာ ၁၂ ရွာလောက်က ဒေသခံ ငါးထောင်ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ တခြားကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
လက်ရှိမှာတော့ ဒဏ်ရာရသူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အင်အား တရားနီးပါးနဲ့ နိုဝင်ဘာ ၅ ရက်က အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒေသခံနှစ်ဦး စစ်ရှောင်ရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ ဘုဘရွာက အမျိုးသားတဦး သတ်ဖြတ်ခံခဲ့ပါသေးတယ်။
 
” စစ်ရှောင်ရင်း တားမြစ်ထားတဲ့ နေရာသွားလို့ ရွာသားနှစ်ဦး ဆုံးသွားတယ်။ ညောင်ဖြူပင်ရဲစခန်း အနားမှာ ထောင်ထားတဲ့ မိုင်းတွေပေါ့ ” လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
” ကိုယ့်ဘက်က ထင်တယ်။ အဲ့လိုကျ အတိအကျ မသိဘူး။ ကိိုယ့်ဘက်က ဖြစ်ဖို့များတယ် ” လို့ သူကဖြည့်စွက်ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝ ဦးနဲ့ ဒီနှစ် ပထမခြောက်လမှာ ၅၅၆ ဦးအထိ ရှိလာပြီး သုံးပုံတပုံကတော့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုခြင်းကို တားဆီးပိတ်ပင်ထားတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးတာ မရှိပါဘူး။
 
မြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ အသုံးပြုနေကြပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနေ့မှာပဲ ညောင်ဖြူပင်ကျေးရွာထဲက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး နေအိမ်ဘယ်နှစ်လုံး မီးရှို့ခံရတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
 
အဲဒီစစ်ဘေးရှောင်နေတဲ့သူတွေဟာ ဘယ်အချိန်မှာ နေရပ်ပြန်နိုင်မယ်ဆိုတာ မသိရသေးတာကြောင့် စားဝတ်နေရေး အခက်အခဲရှိနေသလို နေရာထိုင်ခင်းနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
 
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပြီလို့ သိရပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းချိန်ကနေ နိုဝင်ဘာလ ၆ ရက်အထိ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေလက်ချက်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပေါင်း ၄,၁၇၄ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ (ပုံဟောင်း)