ဂါဇာဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲပြော

နိုဝင်ဘာ၊ ၇

စစ်မက်ဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြှောင် ဒေသဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး တွန်းအားပေး တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အခုလိုမျိုး ဥပမာ ခိုင်းနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို ချေမှုန်းဖို့ အစ္စရေးက ဂါဇာမှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေအတွင်း အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း သောင်းနဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

အစ္စရေး တပ်တွေရဲ့ မြေပြင်ထိုးစစ်နဲ့ အဆက်မပြတ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေဟာ အရပ်သား ပြည်သူတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည် စခန်းတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေနဲ့ ကုလသမဂ္ဂ ရုံးဌာနတွေကိုပါ ထိခိုက်စေကြောင်း၊ ဒီအခြေအနေမှာ ဘယ်သူမှ မလုံခြုံနိုင်ကြောင်း ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

တချိန်တည်းမှာပဲ ဟားမားစ်တွေကလည်း ကျင့်ဝတ်မဲ့တဲ့ လုပ်ရပ်အဖြစ် အရပ်သားတွေကို လူသားဒိုင်း အနေနဲ့ အသုံးချပြီး အစ္စရေးဖက်ကို စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ ဒုံးကျည်တွေနဲ့ စဉ်ဆက်မပြတ် ဆက်လက် တိုက်ခိုက်နေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်၊ စစ်ပွဲစတင်ချိန်နောက်ပိုင်း ဂါဇာမှာ သေဆုံးသူ ၁၀၀၂၂ ဦးထက်မနည်း ရှိလာပြီး ကလေးအရေအတွက် ၄၁၀၄ ဦး ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဂူတာရက်စ်က အခုဆိုရင် ဂါဇာဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာကြောင်း၊ ရာပေါင်းများစွာသော ယောက်ျားလေးငယ်၊ မိန်းကလေးငယ်တွေဟာ နေ့စဉ်နဲ့အမျှ သေကြေပျက်စီး ဒဏ်ရာရနေကြောင်းလည်း ပြောကြားသွားပါတယ်။ 

အစ္စရေးက ဂါဇာမှာ အရပ်သား ဧရိယာနဲ့ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စွပ်စွဲချက်တွေကို ငြင်းပယ်ပြီး ဟားမားစ်တွေကသာ ကျောင်းတွေ၊ ကစားကွင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဧရိယာတွေကို အကာအကွယ်ယူပြီး ဒုံးကျည်တွေ ပစ်ခတ်တာကြောင့် အစ္စရေးက မဖြစ်မနေ တုံ့ပြန်နေရတာလို့ ဖြေရှင်းထားပါတယ်။

ဂါဇာမှာ စစ်ပွဲတွေ ရပ်တန့်ဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာပေမယ့် အစ္စရေးကတော့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ တဦးမကျန် ပြန်မလွတ်မချင်း ထိုးစစ်ရပ်ဖို့ စဉ်းစားမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ဟားမားစ်တွေကလည်း အစ္စရေးရဲ့ စစ်ဆင်ရေးတွေ မရပ်သ၍ ဓားစာခံတွေကို ပြန်မလွှတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

 

Ref: Reuters