ကျောက်ဆည်မှာ တိမွေးကုမြို့နယ်ဦးစီးမှူး ပစ်ခတ်ခံရလို့ သေဆုံး

နိုဝင်ဘာ၊ ၆

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးကို  နိုဝင်ဘာလ ၂ ရက်က ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

“ ကျွန်တော်တို့ရဲ့ သေနတ်တွေ ကျည်ဂျန့်ကုန်တဲ့အတွက်ကြောင့် နေရာမှာအပြီး မရှင်းနိုင်ခဲ့ပါဘူး “ လို့  ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့(KRA)ပြန်ကြားရေးတာဝန်ခံ ကိုအောင်က ဆိုပါတယ် ။

ပစ်ခတ်ခံရသူဟာ အသက် ၅၀ ဝန်းကျင်ခန့်ရှိတဲ့ ဦးကျော်မင်းဦး ဖြစ်ဦး တံစိုးရပ်ကွက်အတွင်းရှိ သူ ဖွင့်ထားသော “ ကျော် “ ဆေးဆိုင်မှာ ထိုင်နေချိန်ပစ်ခတ်ခဲ့တာလို့ အဲဒီအဖွဲ့က ဗီဒီယိုဖိုင်နဲ့တကွ မနေ့က ထုတ်ပြန်ထား ပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးကျော်မင်းဦးဟာ ဘယ်ဘတ်ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နိုဝင်ဘာလ ၄ ရက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဦးကျော်မင်းဦးဟာ ကျောက်ဆည်မြို့နယ်မှာရှိတဲ့  ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် ဖမ်းဆီးပြမယ်လို့ ကြွေးကြော်ထားသူဖြစ်သလို စစ်ကောင်စီသတင်းပေးတဦးဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြော ဆိုထားပါတယ်။

ဒါ့အပြင် သူ့ဆီက သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းမှာ တိုင်းဦးစီးမှူး ၊ထွေအုပ်ရုံး ၊စည်ပင်ရုံး တို့နဲ့ အဆက်သွယ်လုပ်ထားသောအချက်အလက်တွေအရ အခွန်ကို သုံး ဆတိုးကောက်ဖို့ညွှန်ကြားနေ တာတွေကြောင့် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်က ပြောပါတယ်။

အဲဒီပြောဆိုချက်နဲ့ ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီလုံခြုုံရေးတပ်ဖွဲ့ဝင်တွေဟာ  ကျောက်ဆည်မြို့အဝင်ဂိတ်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ဆေးတာ၊ လုံခြုံရေးတင်းကျပ်တာတွေ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ အထိ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလက်ချက်နဲ့ နိုင်ငံဝန်ထမ်းတွေအပါအဝင် လူပေါင်း ၆,၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့၊ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာဖို့ မကြာခဏသတိပေးတာရှိပါတယ်။