စက်ရုံလုပ်သားတွေ အနည်းဆုံးလုပ်ခ နှုန်းထားအသစ်အတိုင်း မရတာတွေရှိနေ

နိုဝင်ဘာ၊ ၆
 
အနည်းလုပ်ခလစာကို တနေ့ကျပ်တထောင်တိုးပြီး နှုန်းထားအသစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် အောက်တိုဘာလအတွက် လစာထုတ်ရာမှာ အရင်နှုန်းအဟောင်းအတိုင်းပဲ လစာပေးတာတွေ ရှိနေသေးတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ စက်ရုံလုပ်သားတချို့က DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် လစာထုတ်ရာမှာ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်အတိုင်း မရတာ၊ အချိန်ပိုကြေး တိုးမပေးတာမျိုးတွေ ကြုံကြရတယ်လို့ ရန်ကုန်မြို့က စက်ရုံလုပ်သားတွေက ပြောကြပါတယ်။
“ ဘာလို့ တိုးမပေးတာလဲ ဆိုတာကိုလည်း မရှင်းပြဘူး၊ တိုးပေးတဲ့ ရုံတွေတော့ တိုးပေးကြတယ်၊ စက်ရုံတခုနဲ့ တခုက ပေးတဲ့နှုန်း မတူကြဘူး ” လို့ အနည်းဆုံးလုပ်ခ နှုန်းထားအဟောင်းအတိုင်း ကျပ် ၄၈၀၀ နဲ့ပဲ လစာရခဲ့တဲ့ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံ လုပ်သားတဦးက ပြောပါတယ်။
စက်ရုံလုပ်ငန်းတွေဟာ လစဉ် လဆန်း ၅ ရက်မှာ လစာထုတ်ကြရတာကြောင့် အခုလစာထုတ်ချိန်မှာ သက်မှတ်နှုန်းအတိုင်း မရလို့ဆိုပြီး မကျေလည်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ အောက်တိုဘာ ၁ ရက်ကစလို့ အနည်းဆုံးလုပ်ခ ကျပ် ၅၈၀၀ နဲ့ တွက်ချက်ပေးရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် လစာပေးချေရာမှာ စက်ရုံတွေအားလုံး တပြေးညီ မဖြစ်သေးတဲ့ အခြေအနေရှိနေတာပါ။
 
တချို့စက်ရုံတွေက တရက်လုပ်ခ ၅၈၀၀ ကျပ် ပြင်ဆင်တိုးပေးပေမယ့် အချိန်ပိုကြေးကို မူလအတိုင်း ကျပ် ၄၈၀၀ ကျပ်အပေါ် အခြေခံတွက်ပေးတာတွေ ရှိတယ်လို့ ကာယကံရှင်အလုပ်သမားတွေက ဆိုပါတယ်။
“ တိုးတဲ့တထောင်က ထောက်ပံ့ကြေးမို့လို့ အချိန်ပိုတွက်တဲ့အထဲ မထည့်တာလို့ ပြောတယ် ” လို့ ရွှေပြည်သာစက်မှုဇုန်က စက်ရုံလုပ်သားတဦးက ပြောပါတယ်။ အခုသတ်မှတ်နှုန်းထားသစ်အရဆိုရင် သူတို့အနေနဲ့ အချိန်ပိုကြေး တနာရီ ကျပ် ၁၅၀၀ ရရှိမှာဖြစ်ပေမယ့် မူလအတိုင်း ကျပ် ၁၂၀၀ နဲ့ပဲ ပေးထားတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အနည်း​ဆုံးအခကြေးငွေ ပြင်ဆင်ချက်ဆိုပြီး တရက်လုပ်ခ ၄၈၀၀ ကျပ်အပြင် ထောက်ပံ့ကြေးတထောင်ကျပ် တိုးပေးဖို့ အောက်တိုဘာ ၅ ရက်မှာ အမိန့်စာ ထုတ်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီပြင်ဆင်ချက်အရ တရက်လုပ်ခ ၅၈၀၀ ကျပ်ဖြစ်သွားတဲ့အတွက် အချိန်ပိုကြေးကိုလည်း အဲဒီနှုန်းထားအတိုင်း အခြေခံတွက်ပေးရမှာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။
“ ၅၈၀၀ လို့ သတ်မှတ်လိုက်တဲ့အတွက် အဲဒီနှုန်းက ပေးကိုပေးရမှာ၊ အချိန်ပိုကို ၄၈၀၀ ကျပ်အပေါ် အခြေခံတွက်စရာ အကြောင်းကိုမရှိဘူး၊ အခုလိုတွေဖြစ်တာ သက်ဆိုင်တဲ့ အလုပ်သမားရေးရာဌာနက သူတွေမှာ တာဝန်ရှိတယ် ” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အနည်းဆုံးအခကြေးငွေ ပြင်ဆင်တဲ့အကြောင်း ကြေညာကတည်းက အများသိအောင် မထုတ်ပြန်ခဲ့တာကစလို့ ဝေဖန်မှုတွေ ရှိခဲ့တာပါ။ နှုန်းထားပြင်ရာမှာလည်း ထောက်ပံ့ကြေးဆိုပြီး သုံးနှုန်းတာ၊ လက်ခစားလုပ်ငန်း CMP တွေအတွက်သာ ဖြစ်တယ်လို့ ဖော်ပြတာတွေကြောင့် အငြင်းပွားမှုနဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၉ ရက်မှာတော့ အနည်းဆုံးလုပ်ခလစာနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ပြန်ချက် အသစ်တရပ် ထပ်မံထုတ်ပြန်ကာ နှုန်းထားအသစ်ဟာ CMP လုပ်ငန်းတွေသာမက အလုပ်သမား ၁၀ ဦးအထက် လုပ်ငန်းအားလုံးနဲ့ အကျုံးဝင်တယ်ဆိုပြီး မူလအမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
 
ဓာတ်ပုံ​ – Google (ပုံဟောင်း)​
ပုံစာ – ရန်ကုန်မြို့က စက်ရုံလုပ်သားတချို့။