အရာတော်မှာ စစ်ကောင်စီဂိတ်နှစ်ခု တပြိုင်တည်းတိုက်ခိုက်ခံရ

နိုဝင်ဘာ ၊ ၅

စစ်ကိုင်းတိုင်း၊မုံရွာခရိုင် ၊အရာတော်မြို့အဝင်က စစ်ကောင်စီဂိတ်စခန်းတွေကို နိုဝင်ဘာလ ၃ ရက်၊ မနက် ၅ နာရီခန့်မှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်တွေထံက သိရပါတယ်။

“ ကျွန်တော်တို့က သွားတိုက်တာပေါ့။အနီးဆုံးထိရောက်အောင်သွားပြီး သွားတိုက်တာ။ အပြင် ဘန်ကာတွေကိုမီးရှို့နိုင်ခဲ့တယ် ။အထဲဘန်ကာတွေတော့မရှို့နိုင်ဘူး။ သူတို့က ခံပစ်နေတော့’’ လို့ Danger Force LPDF အဖွဲ့ရဲ့ပြန်ကြားရေး တာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ  အရာတော်မြို့အဝင်မှာရှိတဲ့ စက်မှုလယ်ယာ ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လဝက)ရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကို အခုလို တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဗိုလ်ကြီးတဦးအပါအဝင် ငါးဦးသေဆုံးတယ်လို့ဆိုပေမဲ့ DNAသတင်းဌာနက က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တဦးဒဏ်ရာရပေမဲ့ မစိုးရိမ်ရဘူးလို့ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ တနာရီခွဲကျော်ကြာ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း  ပြည်သူ့ကာကွယ်ရေးတပ်တွေ က စစ်ကောင်စီတပ်ရဲ့ ဘန်ကာတခုကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

 တိုက်ခိုက်မှုကို Danger Force LPDF ၊ လင်းယုန်တပ်ဖွဲ့၊မြင်းမူလျှစ်စီးပြောက်ကျားတပ်ဖွဲ့၊သပြေညို ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး   အရာတော်မြို့ အခြေစိုတ် စစ်အခြေခံ လေ့ကျင့်‌ရေးတပ် (စခတ) ၁ဝမှစစ်ကူရောက်လာလို့ ပြည်လည်ဆုတ်ခွာခဲ့တာလို့ ကိုမာန်ဟုန်က ဆိုပါတယ်။

 တိုက်ပွဲပြီးနောက် စစ်ကောင်စီလုံခြုံရေးတွေက   အရာတော်မြို့ အဝင် ၊အထွက် ဂိတ်တွေကို  ဒီကနေ့မနက်ထိ ပိတ်ဆို့စစ်ဆေးနေတဲ့အတွက် ခရီးသွားယာဉ်တွေလည်း နီးစပ်ရာကျေးရွာတွေမှာ ညအိပ်တည် းခိုနေ ရကြောင်းသိရပါတယ်။