စစ်ကူလာတဲ့ စစ်ကားလေးစီးကို တအာင်းတပ် တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၊ ၅

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဆယ်ရက်မြောက်ဖြစ်တဲ့  ဒီကနေ့မှာ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုနဲ့ စစ်ကူလာတဲ့ ကားလေးစီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

တအာင်းတပ်ရဲ့ တပ်မဟာ(၃) စစ်ဒေသဖြစ်တဲ့ နမ့်ခမ်းမြို့၊ မိုင်းဝီးကျေးရွာရှိ စစ်ကောင်စီရဲ့ မန်ဝင် တပ်စခန်းနဲ့ တပ်မဟာ(၄) စစ်ဒေသဖြစ်တဲ့ နမ္မတူမြို့ ၊ပန်သပြေကျေးရွာရှိ တပ်စခန်းတို့ကို  ဒီကနေ့မနက် ၆ နာရီလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

တပ်မဟာ(၄) စစ်ဒေသ လားရှိုးနဲ့ သိန္နီမြို့ကြား (၁၄ မိုင်နဲ့ ၁၅မိုင်) ကြားရှိ နမ့်တွန်ကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကားလေးစီးကို တအာင်းတပ်က ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် နှစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံ့းမှုနဲ့ နှစ်ဖက်ထိခိုက်မှုခြေနေတွေကိုတော့ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။ ဒါပေမယ့် ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ စစ်ကောင်စီတပ်က စစ်ကားလေးစီးကို ကားစက်နှိုးလျက်နဲ့ စွန်ခွာထွက်ပြေးသွားတဲ့ ပုံစံတွေတော့ တွေ့ရပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိပ်သိရှိရဖို့အတွက် တအာင်းတပ်ရဲ့ သတင်းပြန်ကြားရေးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့တာတော့မရှိပါဘူး။

တအာင်းတပ်(TNLA) က နိုဝင်ဘာလ ၄ ရက်၊ မနေ့က  လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု၊ နမ့်ခမ်းမြို့ရှိ တပ်စခန်းနှစ်ခုနဲ့ မိုးမိတ်ဒေသရှိ တပ်စခန်း တခုစုစုပေါင်း တပ်စခန်း ငါးခုကိုတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုထားပါသေးတယ်။

မနေ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းတွေအနက် ဂျာယန်ပြည်သူစစ်ခန်းမှာ ပြည်သူစစ်အဖွဲ့ဝင် လေးဆယ်နီးပါးကို ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ရှစ်ဆယ် ဝန်းကျင်နဲ့ ခဲ့ယမ်းအများအပြား ရရှိခဲ့သလို မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် ( MNDAA ) ၊ တအာင်းတပ် ( TNLA ) နဲ့ ရခိုင်တပ် (AA) တို့က ပူးပေါင်းပြီး ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာပါ။

စစ်ဆင်ရေးစတင်ချိန်ကနေ  ဒီကနေ့အထိ စစ်ကောင်စီတပ်စခန်းပေါင်း တရာကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို တရုတ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော် အပါအဝင် မြို့လေးမြို့ကိုလည်း အလုံးစုံထိန်းချူပ်ထားနိုင်တယ်လို ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း)မြို့တွေကို  လက်လွှတ်လိုက်ရတယ်လို့ နိုဝင်ဘာလ ၁ ရက် ဝန်ခံပြောကြား ထားပါတယ်။