ဟားမားစ် လက်ထဲက ဓားစာခံတွေကို ဒရုန်းတွေ အသုံးပြုပြီး ဂါဇာမှာ အမေရိကန်စစ်တပ် အပူတပြင်း လိုက်ရှာနေ

နို၀င်ဘာ ၊ ၄

ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆိးထားတာ ခံရတဲ့ ဓားစာခံတွေကို ရှာဖွေဖို့ အမေရိကန်ဟာ ဂါဇာကမ်းမြှောင် ဒေသမှာ ဒရုန်းတွေကို အလုံးအရင်း အသုံးပြုနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် ကျူးကျော်ပြီး လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို နောက်ထပ် ၂၄၀ လောက်ကို ဓားစာခံတွေအဖြစ် ဂါဇာဖက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ ဓားစာခံတွေဟာ ဂါဇာမှာ ဟားမားစ်တွေ အသုံးပြုလေ့ရှိတဲ့ မြေအောက် ဥမင်တွေထဲ ဖမ်းဆီး ချုပ်နှောင် ခံထားရတယ်လို့ ယုံကြည်ရပြီး လက်ရှိ အချိန်ထိ ရှာမတွေ့သေးပါဘူး။ ဟားမားစ်တွေက ဓားစာခံ ၅ ဦးကို ပြန်လွှတ်ပေးပြီး လာမယ့်ရက်ပိုင်းမှာ အစ္စရေး မဟုတ်တဲ့ နိုင်ငံခြားသား တချို့ကို ထပ်လွှတ်ပေးမယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။

အမေရိကန် အစိုးရရဲ့ နာမည်ဖော်မပြတဲ့ အရာရှိ နှစ်ယောက်က ထောက်လှမ်းရေး ဒရုန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဂါဇာမှာ နေရာအနှံ့ ဖြန့်ကျက် ပျံသန်းစေပြီး ဓားစာခံတွေကို အပူတပြင်း ရှာဖွေနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ထဲမှာ အမေရိကန် နိုင်ငံသား ၁၀ ဦး ပါဝင်နေမယ်လို့ ယုံကြည်ရပါတယ်။ လတ်တလောမှာတော့ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေရဲ့ အခိုင်အမာ ခြေကုပ် နယ်မြေ တခုဖြစ်တဲ့ ဂါဇာစီးတီးကို ပတ်ပတ်လည် ဝန်းရံပိတ်ဆို့ပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

အစ္စရေး စစ်တပ်က ဟားမားစ်တွေကို အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြုံးဝါးထားပြီး တချိန်တည်းမှာပဲ ဓားစာခံတွေကို ကယ်ထုတ်မယ့် မစ်ရှင်တွေကိုပါ ဦးစားပေးအဆင့် အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားထားပါတယ်။

အမေရိကန်ဟာ ရေတပ် အထူးကွန်မန်ဒိုတွေနဲ့ ကြည်းတပ်ရဲ့ လက်ရွေးစင် တပ်ဖွဲ့တွေကိုပါ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားပြီး အစ္စရေးက အကူအညီ တောင်းခံလာတဲ့အချိန် ဓားစာခံ ကယ်တင်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ အသင့်ပြင်ထားကြောင်းလည်း သိရပါတယ်။