နိုင်ငံတဝန်းမှာ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ NUG ကာကွယ်ရေးဌာနပြော

နိုဝင်ဘာ၊ ၃
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက တနိုင်ငံလုံးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
“ ရှမ်းပြည်မြောက်ပိုင်းမှာ ဖော်ဆောင်လျက်ရှိတဲ့ စစ်ဆင်ရေးတွေနဲ့အတူပဲ မြန်မာပြည်ရဲ့ တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်း တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီစစ်ဆင်ရေးတွေကို ဖော်ဆောင်တိုက်ခိုက်နေပါတယ် ” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေက မနေ့ကပြောပါတယ်။
 
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ အထိ လေးရက်အတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်တွေနဲ့ မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီဘက်က ၆၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ သုံးဆယ် ရှိတယ်လို့လည်း ဆိုထားပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
NUG က ထုတ်ပြန်ဖော်ပြလာတဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း တို့က တိုက်ပွဲတွေ ပါဝင်တာ တွေ့ရပါတယ်။
 
“ တော်လှန်ရေးအင်အားစုတွေရဲ့ အဆင့်ဆင့် ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အခုချိန်မှာဆိုရင် ထောက်ပို့လမ်းကြောင်း ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ် ” လို့ ဦးမောင်ဆောင်ဆွေက ဆိုပါတယ်။
 
အဲဒီတိုက်ပွဲတွေမှာ TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲတခု အပါအဝင် စခန်းသိမ်းတိုက်ပွဲ နှစ်ခု၊ ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာမျိုးတွေ ပါဝင်ပါတယ်။
 
လေးရက်အတွင်း စခန်းတိုက်ပွဲတွေနဲ့ ထိတွေ့တိုက်ပွဲတွေအပါအဝင် တိုက်ခိုက်မှုစုစုပေါင်း ၂၂ ကြိမ်ရှိခဲ့ရာမှာ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာက ပျူစောထီးအထိုင်စခန်း တိုက်ပွဲတခုတည်းမှာသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တာလို့ ဖော်ပြထားပါတယ်။
 
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းမီးကျောက်နဲ့ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။
 
မြေပြင်သတင်းတွေအရ လတ်တလောရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေဘက်မှာလည်း စစ်ကောင်စီနဲ့ KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေကြတာ ရှိပေမယ့် NUG ရဲ့ အခုစာရင်းမှာတော့ အဲဒီတိုက်ပွဲအခြေအနေတွေကို ထည့်သွင်းဖော်ပြထားတာ မရှိသေးပါဘူး။
 
ကာကွယ်ရေးဝန်ကြီးဌာန ဦးမောင်မောင်ဆွေက သူ့ရဲ့ပုံမှန်အစီအစဉ်တခုဖြစ်တဲ့ နှစ်ပတ်တကြိမ် အစီရင်ခံမှုကို မနေ့က ပြုလုပ်ခဲ့ရာမှာတော့ ကရင်ပြည်နယ်က တိုက်ပွဲတွေကိုလည်း ထည့်ပြောခဲ့ပြီး ကော့ကရိတ်မြို့ကို အောက်တိုဘာ ၂၇ ရက်မှာ ဟန်ချက်ညီစစ်ဆင်ရေးအဖြစ် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုအတွင်း ကော့ကရိတ်မြို့နယ်ခန်းမ၊ တရားရုံး၊ စရဖရုံး၊ အချုပ်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို လက်ရှိအချိန်အထိလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ကော့ကရိတ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
 
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တွေဟာ လက်ရှိမှာ စစ်ကောင်စီတပ်တွေကို စစ်ပန်းအောင်လုပ်ပြီး စခန်းတွေကို ကာလရှည်ကြာ ပိတ်ဆို့ထားတာ၊ ထောက်ပို့လမ်းကြောင်းတွေကို အဆင့်ဆင့် ဖြတ်တောက်တာ၊ အထိုင်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်တာ စတဲ့ ဗျူဟာအတိုင်း အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
 
လက်ရှိထိုးစစ်တွေအပြင် ဆောင်ဦးကာလ ပွင့်လင်းရာသီမှာ တနိုင်ငံလုံးအနှံ့ ထိုးစစ်တွေ အရှိန်အဟုန်နဲ့ ဆင်နွှဲမယ်ဆိုရင် စစ်ကောင်စီဟာ လက်ရှိထက်ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။
 
“ နွေဦးတော်လှန်ရေးရဲ့ နောက်ထပ်အရွေ့တခုကို သွားနေပါပြီ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျဆုံးခန်းကိုလည်း ထင်ထင်ရှားရှား မြင်နေရပါပြီ ” လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – NUG
ပုံစာ – တောင်ပိုင်းစစ်ဒေသ ရှေ့တန်းတနေရာမှာ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။