မြောက်ပိုင်းမှာ အထိနာနေတဲ့ စစ်ကောင်စီက ရခိုင်အရပ်ဘက်အဖွဲ့တွေကို ပိုမိုစောင့်ကြည့်လာ

နိုဝင်ဘာ၊ ၃
 
ရခိုင့်တပ်တော် (AA)ပါဝင်တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ တွေဆီမှာ မြို့နဲ့ တပ်စခန်း ရာချီ သိမ်းပိုက်ခံနေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေကို ပစ်မှတ်ထားပြီး ပိုမိုစောင့်ကြည့်လာတယ်လို့ နီးစပ်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။
 
” CSOs (အရပ်ဘက်အဖွဲ့)ရုံးတွေကို ရှောင်တခင် ဝင်စစ်မယ်။ ငွေအဝင်အထွက်တွေ၊ လုပ်ငန်းဆောင်ရွက်ချက်တွေကို စစ်မယ်ပေါ့။ အဲ့မှာ အပြစ်တွေရှာပြီး ဖမ်းမယ်၊ ဆီးမယ်။ အဲ့လိုလုပ်ဖို့ပြင်နေတာ။ တချို့အဖွဲ့တွေကိုဆိုရင် ဖုန်းဆက်ပြီး အသိပေးတာတွေလည်း ရှိနေတယ် ” လို့ ရခိုင်ပြည်တွင်းမှ အမည်မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် ဒေသတွင်း အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး စောင့်ကြည့်ဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ ပြည်နယ်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတဦးကလည်း ပြောပြပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နိုင်ငံအဝှမ်းမှာ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာပါ တိုက်ပွဲတွေဖြစ်လာခဲ့ရင် အရပ်သား ပိုပြီး အထိနာလာအောင်အတွက် အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေကို ပစ်မှတ်ထားလာတာလို့ ထောက်ပြကြပါတယ်။
 
” တိုက်ပွဲတွေ ဖြစ်လာပြီဆိုတာနဲ့ အခက်အခဲရောက်မှာက ပြည်သူတွေဖြစ်တယ်။ လက်နက်ကိုင်တွေကျတော့ ပြည်သူတွေကို ပံ့ပိုးမှု အားနည်းတယ်လေ၊ အဓိကပံ့ပိုးနေကြတာက အရပ်ဘက်အဖွဲ့တွေပဲဆိုတော့ သူတို့ (စစ်ကောင်စီ)တွေက အဲဒီဒေါက်တိုင်တွေကို ဖြိုဖို့၊ ထောက်ပံ့တဲ့ အုပ်စုတွေကို ဖြိုပြီးတော့ ပြည်သူတွေ အထိနာအောင် တိုက်မယ်ပေါ့ ” လို့ ရခိုင်အရပ်ဘက်အဖွဲ့ နောက်တခုရဲ့တာဝန်ရှိသူက ဆိုပါတယ်။
 
တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး အရပ်သားတွေ အခက်အခဲ၊ ဒုက္ခတွေများစွာ ကြုံလာခဲ့ရင် တော်လှန်ရေးအင်အားစုတွေအတွက်လည်း အခက်ကြုံလာရမှာဖြစ်လို့ စစ်ကောင်စီအနေနဲ့ အဲဒီခြေလှမ်းကို လှမ်းဖို့ ပြင်ဆင်နေတာလို့ အဲဒီအရပ်ဘက်အဖွဲ့တာဝန်ရှိသူက ထောက်ပြပါတယ်။
 
ရခိုင်ပြည်နယ်စစ်ကောင်စီဥက္ကဌ၊ တိုင်းမှူး၊ နယ်လုံဝန်ကြီးတို့ဟာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းကလည်း ရခိုင်ဒေသတွင်း အရပ်ဘက်အဖွဲ့တာဝန်ရှိသူတွေကို ခေါ်တွေ့ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ လုပ်ခဲ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
 
ဒါ့အပြင် အခုအပစ်ရပ်ထားတဲ့ ကာလအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း စစ်ကောင်စီတပ်အရာရှိတွေက ခေါ်တွေ့၊ ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
 
” AA ကို ကူညီရင် မီးရှို့ပစ်မယ်။ အဲဒီ့အခါကျမှ အဆိုးမဆိုနဲ့၊ အကုန်ဖမ်းပစ်မယ်။ ပြောရင် တကယ်လုပ်မှာနော် ဆိုပြီး ခြိမ်းခြောက်တယ်။ တပ်ရင်းမှူး ကိုယ်တိုင် အဲ့လိုခေါ်ပြောတာ ” လို့ ရခိုင်မြောက်ပိုင်း မြို့တမြို့က အုပ်ချုပ်ရေးမှူးတဦးက DNA ကို ပြန်ပြောပါတယ်။
 
မြေပြင်တိုက်ပွဲတွေမှာ စစ်ရေးအရ အသာစီးမရတဲ့ စစ်ကောင်စီဟာ အရပ်သားတွေကို အသုံးချ၊ အကြပ်ကိုင်ကာ ခြိမ်းခြောက်၊ ဖြေရှင်းလေ့ရှိပြီး အခုလည်း အဲဒီလိုလုပ်ဖို့ ကြံစည်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။
 
တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင် ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပက်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လိုပဲ ကျွန်တော်ပြောချင်တယ် ” ဆိုပြီး သတင်းစာရှင်းလင်းပွဲကနေတဆင့် ခြိမ်းခြောက်တဲ့အသွင် ပြောဆိုခဲ့ဖူးပါတယ်။
 
အဲဒီကာလတုန်းက ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေ တိုးချဲ့တည်ဆောက်နေခဲ့တဲ့ AA ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အဲဒီလို သတိပေး၊ ပြောဆိုခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
 
အခုတကြိမ်လည်း အဲဒီတုန်းကလိုမျိုး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးမှုတွေ လုပ်လာမယ်ဆိုရင်တော့ တိုက်ပွဲတွေက တကျော့ပြန်ဖြစ်လာအုံးမယ်လို့ ရခိုင်ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက မှတ်ချက်ပြုပါတယ်။
 
” အဓိကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပါလိမ့်မယ်။ သူတို့ တိုက်ပွဲတွေ လိုချင်တယ်ဆိုလို့ရှိရင်တော့ ဒီလိုလုပ်ရပ်တွေ လုပ်လာနိုင်တာပေါ့ ” လို့ ဦးအောင်သောင်းရွှေက ဆိုပါတယ်။
 
ဓာတ်ပုံ – AFP