အောက်တိုဘာ၊ ၃
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
” လက်နက်တွေ အကုန်ရတယ်။ တိုက်ပွဲဝင်ရဲဘော်တွေထဲက ကျဆုံးသူမရှိဘူး ” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ နှစ်ဆယ်ဝန်းကျင် သေဆုံးပြီး ဆယ်ဦးလောက် ဖမ်းမိထားကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပေမယ့် DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တော်လှန်ရေးအင်အားစုဘက်က ထောက်ပို့လုပ်ပေးနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှစ်ဦးနဲ့ ဒေသခံ နှစ်ဦးကတော့ လက်နက်ကြီးထိလို့ သေဆုံးသွားတယ်လို့ အဲဒီပကဖအဖွဲ့ဝင်က ဆိုပါတယ်။
ဂန့်ဂေါမြို့ တောင်ဘက် ၁၅ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ မင်းရွာရဲကင်းစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ် (PDF)နဲ့ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်ကစ မင်းရွာဝန်းကျင်ကို ဂန့်ဂေါမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ(၅၀) က လက်နက်ကြီးတွေနဲ့ အခုချိန်ထိ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” တမနက်လုံး ပစ်နေတာ ဆူညံနေတာပဲ။ ခုသူတို့ မင်းရွာဘက်ကို စစ်ကူထွက်တယ် ” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ပြောပါတယ်။
မင်းရွာမှာ အတိုက်ခံနေရတဲ့ အဲဒီရဲစခန်းကို စစ်ကူပေးဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါတောင်ဘက် လေးမိုင်အကွာက ပျားရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဓာတ်ပုံ – ပေးပို့