ခမ်းပတ်အခြေစိုက်တပ်တွေကို PDF တပြိုင်တည်းဝင်တိုက်

နိုဝင်ဘာ၊ ၃
 
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂ ရက်၊ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
” ဒီနေ့မနက် အစောကြီး ပစ်နေကြတာဗျ။ လက်နက်ကြီးသံ ၊သေနတ်သံတွေ ‌အကုန်ကြားနေရတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကလေး-တမူး လမ်းပိုင်းရှိ ခမ်းပတ်မြို့ပေါ်နဲ့ ဝိတုတ်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ် ခရိုင်တပ်ရင်းနဲ့ ပူးပေါင်းစစ်ကြောင်းက ဝင်တိုက်ကြတဲ့အတွက် ဒေသခံတွေလည်း စစ်ရှောင်နေကြရပါတယ်။
 
” အခုမြို့ထဲက စစ်တပ်နဲ့နီးတဲ့ အမှတ်(၁) တရပ်ကွက်လုံး ပြေးကုန်ကြပြီ။ အမှတ်(၂)၊ အမှတ်(၃) ကလည်း ရှောင်ကြတယ် ကြားတယ် “ဟု အဲဒီဒေသခံက ပြောပါတယ်။
 
အဲဒီလို ခမ်းပတ်မြို့တွင်းက ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရသလို နန်းကတိတ်၊ နန်းခေါက်ခေါက်၊ ကနန် စတဲ့ ကျေးရွာတွေက ရွာခံတွေက ထွက်ပြေးနေရတဲ့အတွက် စစ်ရှောင်စုစုပေါင်း တထောင်ကျော်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
 
အဲဒီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတဦးက ပြောပါတယ်။
 
တိုက်ပွဲတွေဟာ လက်ရှိသတင်းရေးချိန် (နေ့လယ် ၁၂ နာရီ)အထိဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေ မသိရသေးပါဘူး။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်မတော် (AA) တို့က ရှမ်းမြောက်မှာ ထိုးစစ်ဆင်နေသလို စစ်ကိုင်းတိုင်းက မြို့နယ်တချို့နဲ့ ကရင်ပြည်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံနေရပါတယ်။
 
ဓာတ်ပုံ – CJ