နိုဝင်ဘာ၊ ၃
အမေရိကန် ရေတပ်ကို အမျိုးသမီးတဦး ပထမဆုံးအကြိမ် ဦးဆောင်ခွင့်ပြုဖို့ အထက်လွှတ်တော်က အတည်ပြု ထောက်ခံပေးလိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သေနာပတိ လီဆာ ဖရန်ချက်တီကို ရေတပ်ကြီး တခုလုံးရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ဖို့ အဆိုပြုထားခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှာတော့ အထက်လွှတ်တော်က ၉၅-၁ ဆိုတဲ့ မဲရလဒ်နဲ့ အပြတ်အသတ် ထောက်ခံ မဲပေးခဲ့ပါတယ်။ ဒါကြောင့် သူဟာ အဲဒီနေ့မှာပဲ သေနာပတိ မိုက်ကယ် မာတင် ဂီလ်ဒေးရဲ့ အရိုက်အရာကို ဆက်ခံပြီး ရေတပ် အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။
ဖရန်ချက်တီဟာ အမေရိကန် ရေတပ်ကို လက်တွေ့ ဦးဆောင်ခွင့် ရလာခြင်းနဲ့အတူ နိုင်ငံတကာအဆင့် အရေးအကြီးဆုံး စစ်ဆင်ရေးတွေအတွက် အဓိက အဆုံးအဖြတ် ပေးရသူ ဖြစ်လာပါတယ်။ အသက် ၅၉ နှစ် ရှိပြီဖြစ်ပြီး ရေတပ် အမှုထမ်းသက် ၃၈ နှစ် ကြာညောင်းခဲ့တဲ့ ဖရန်ချက်တီဟာ အမေရိကန်ရဲ့ အမှတ် ၆ ရေတပ်မကြီးနဲ့ တောင်ကိုရီးယား အခြေစိုက် အမေရိကန် ရေတပ်ရဲ့ အကြီးအကဲ တာဝန်တွေကို ယူခဲ့ဖူးသူပါ။ သူဟာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစီး ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုမှာလည်း အမှုထမ်းခဲ့ဖူးပါတယ်။
ဘိုင်ဒန်ဟာ ပင်တဂွန် စစ်ဌာနချုပ် (ကာကွယ်ရေး ဝန်ကြီးဌာန) လက်အောက်ခံ အမေရိကန်ရဲ့ အဓိက လက်နက်ကိုင် တပ်ဖွဲ့ကြီး တခုရဲ့ ဦးစီး အရာရှိ ရာထူးမှာ အမျိုးသမီး တဦးကို ခန့်အပ်ဖို့အတွက် ဖရန်ချက်တီကို ပထမဆုံးအကြိမ် အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကမ်းခြေစောင့်တပ်မှာ အမျိုးသမီး သေနာပတိ လင်ဒါ ဖာဂန်က ဦးဆောင်ခဲ့ဖူးပေမယ့်လည်း ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မဟုတ်ဘဲ အမိမြေ လုံခြုံရေးဌာန လက်အောက်ခံ တပ်ဖွဲ့ ဖြစ်ပါတယ်။
အမေရိကန် အထက်လွှတ်တော်ဟာ ရေတပ် အကြီးအကဲ နေရာအတွက် ဖရန်ချက်တီအပြင် လေတပ် အကြီးအကဲ နေရာအတွက် ဗိုလ်ချုပ်ကြီး ဒေးဗစ် အယ်လ်ဗင်နဲ့ မရိန်းတပ်ဖွဲ့ အကြီးအကဲ နေရာအတွက် ဗိုလ်ချုပ် ခရစ္စတိုဖာ မာဟော်နီတို့ကိုလည်း အသီးသီး ထောက်ခံမဲပေး ရွေးချယ် ခန့်အပ်ခဲ့ပါတယ်။ လက်ရှိ မရိန်းတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အဲရစ်စမစ်သ်က ကျန်းမာရေး ရုတ်တရက် ဖောက်ပြန်ပြီး ဆေးရုံ တက်နေရတာကြောင့် မာဟော်နီက သူ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ တာဝန်လွှဲယူခဲ့တာလို့ သိရပါတယ်။
Ref: Politico