စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်အပေါ် အယုံအကြည်မရှိဘူးလို့ ရိုဟင်ဂျာတွေဆို

နိုဝင်ဘာ၊ ၂
 
ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ နှစ်ရက်ဆက်တိုက် သွားတွေ့၊ စည်းရုံးခဲ့ပေမယ့် ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီ တာဝန်ရှိသူတွေ ပြောဆိုချက်အပေါ် အယုံအကြည်မရှိဘူးလို့ အဲဒီတွေ့ဆုံမှုမှာ ပါဝင်ခဲ့သူတွေက DNA ကိုပြောပါတယ်။
 
ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးစောနိုင်ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၁ ရက်မနေ့ကအထိ နှစ်ရက်ဆက် ဘင်္ဂလားဒေရှ့်နယ် ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ကို သွားပြီး ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံခဲ့တာပါ။
 
အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီတာဝန်ရှိသူတွေက လက်ခံရေးအစီအစဉ်တွေကို ရှင်းပြပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို ပြန်လည်ဖြေကြားတာ မရှိသလို အာမခံချက်လည်း တစုံတရာ မပေးခဲ့ကြဘူးလို့ တွေ့ဆုံပွဲကို သွားတက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောကြပါတယ်။
 
” ကျွန်တော်တို့ တောင်းဆိုတာတွေကို အထက်အရာရှိကို တင်ပြမယ်လို့ပဲ ပြောတယ်၊ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ အဲလိုပဲ လုပ်နေမယ်ဆိုရင် ပြန်လည်လက်ခံရေးဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ သူတို့ ရောက်လာတာ ခြောက်ကြိမ်လောက်ရှိပြီ၊ ဘာမှ ထူးမလာဘူး ” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက DNA ကိုပြောပါတယ်။
 
ပြန်လည်လက်ခံရေးအစီအစဉ်အရ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင်၊ ကြိမ်ချောင်း စခန်းတို့ကနေတဆင့် လက်ခံကာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ နေရာချထားပေးမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
 
ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကတော့ သူတို့ရဲ့ မူလနေရပ်မှာ နေထိုင်ခွင့်ရမှပဲ ပြန်နိုင်မယ်လို့ ဆိုကြပါတယ်။
 
“ ကျွန်တော်က ဘူးသီးတောင်ကပါ၊ သူတို့ ကျွန်တော်ကို နေရာချပေးမယ့်ဟာက မောင်တောအလယ်ပိုင်းပါ၊ ကျွန်တော့်မူလနေရာကို ပေးရင် ပြန်မယ်၊ နောက်တနေရာပေးရင် မပြန်ဘူး ” လို့ စစ်ကောင်စီအဖွဲ့နဲ့ တွေ့ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် နောက်တဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ပြန်ဝင်လာတဲ့သူတွေအတွက် နေအိမ်၊ ဆေးခန်း၊ ကစားကွင်း၊ လုံခြုံရေးကင်းတွေ စီစဉ်ထားပြီး အဝတ်အစားအချို့၊ ရိက္ခာအချို့အပြင် အိမ်တွင်း စိုက်ပျိုးဖို့ မျိုးစေ့တွေလည်း ထောက်ပံ့မယ်လို့ ပြောဆိုကြောင်း တွေ့ဆုံပွဲသွားခဲ့သူတွေက ပြောကြပါတယ်။
 
“ အိမ်တွေ၊ ဘာတွေ ပေးစရာမလိုချင်ဘူး၊ ပိုက်ဆံပေးတာလည်း မလိုချင်ဘူး၊ ကိုယ့်နေရာကိုယ်သွားပြီး ကိုယ့်အိမ်ကိုယ်ဆောက်ပါမယ်၊ ကျွန်တော်တို့ လိုချင်တာက မူလနေရာနဲ့ နိုင်ငံသားအခွင့်အရေးပဲ လိုချင်တာ ” လို့ ဘူးသီးတောင်မြို့နယ်ကနေ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်က ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို မူလနေရပ်ဆီ ပြန်ခွင့်မပေးဘဲ သူတို့ သတ်မှတ်ထားတဲ့ စခန်းနေရာတွေမှာပဲ အပြင်သွားလာခွင့်မပြုဘဲ ပိတ်လှောင်ထားဖို့ စီစဉ်နေတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ယူဆကြပါတယ်။
 
“ ယာယီစခန်းဆိုရင် ခဏပဲ နေရမှာ၊ သူတို့လုပ်နေတာက တသက်ပတ်လုံး နေရအောင် လုပ်နေတာ၊ အပြင်ကိုလည်း ဘယ်မှလည်း သွားလို့ရတော့မှာ မဟုတ်ဘူး ” လို့ အဆိုပါ ရိုဟင်ဂျာဒုက္ခသည်က ပြောပါတယ်။
 
၂၀၁၂ ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အခုထိနေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာလည်း မြို့နယ်ကူးသွားလာခွင့်၊ ကူးလူးဆက်ဆံခွင့်တွေ မရကြပါဘူး။
 
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာဖိအားတွေ လျော့ကျစေဖို့အတွက် ပြန်လည်လက်ခံရေးကို ဟန်ပြလုပ်နေတာသာ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ထောက်ပြပါတယ်။
 
“ သူတို့ကိုယ်တိုင်က မောင်းထုတ်လိုက်တဲ့လူတွေ၊ သူတို့ပဲ ပြန်ပြီး လက်ခံမယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စတခုလို့ပဲ မြင်တယ်၊ ပြီးရင် သူတို့ ကိုယ်ဟာကိုယ်တောင် လုံခြုံမှုမရှိတဲ့ အနေအထားမှာ သူများကို ကာကွယ်ပေးမယ်ဆိုတာကလည်း မဖြစ်နိုင်တဲ့ကိစ္စပဲ ” လို့ သူကဆိုပါတယ်။
 
အခုလို စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ပိုပြီးတော့တောင် မဖြစ်နိုင်သေးဘူးလို့ ဦးအောင်သောင်းရွှေက ဆက်ပြောပါတယ်။
 
စစ်ကောင်စီဟာ အခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော်ကို ပြန်ခေါ်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ တစ်ယောက်မှ ခေါ်ယူ၊ လက်ခံနိုင်တာ မရှိသေးပါဘူး။
 
NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တုန်းက ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ တဖက်ဘင်္ဂလားဒေရှ့်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာပါ။
 
အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ NLD အစိုးရလက်ထက်ကတည်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC မှာလည်း တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက အမှုဆက်လက်ရင်ဆိုင်နေပါတယ်။
 
ဓာတ်ပုံ – Reuters