DMG သတင်းထောက်ကို ထောင်ငါးနှစ်ချနိုင်တဲ့ ဆက်သွယ်ရေးဥပေဒပုဒ်မနဲ့ အမှုဖွင့်

နိုဝင်ဘာ၊ ၂
 
အဖမ်းခံထားရတဲ့ ရခိုင်အခြေစိုက် DMG သတင်းထောက်ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်နိုင်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး အဖမ်းခံထားရတာ တပတ်နီးပါးရှိပြီဖြစ်သည့်တိုင် မိသားစုကို တွေ့ခွင့်မပေးသေးဘူးလို့ သတင်းဌာနနဲ့ မိသားစုက ပြောပါတယ်။
 
DMG သတင်းထောက် ကိုထက်အောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့မှာ စစ်တွေမြို့တွင်း ဆွမ်းတော်ကြီးလောင်းလှူပွဲကို ဓါတ်ပုံရိုက်နေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးသို့ ခေါ်စစ်ကာ ၃၁ ရက်မှာ အမှုဖွင့်ခဲ့တာလို့ မိသားစုက ဆိုပါတယ်။
 
” ဖမ်းသွားတဲ့နေ့ကတည်းက အခုထိ တွေ့ခွင့်မရသေးဘူး။ ရဲစခန်းကို ထမင်းပို့ဖို့ မနက်၊ ညနေ နေ့တိုင်းသွားတယ်။ တွေ့လို့မရသေးဘူးလားလို့ မေးတော့ သူတို့က တွေ့ခွင့်မရသေးဘူးလို့ ပြောတယ်။ ဘာလိုလဲဆိုတာကိုတော့ သူတို့ ထည့်မပြောဘူး ” လို့ ကိုထက်အောင်ရဲ့ မိသားစုဝင်တဦးက DNA ကို ပြောပါတယ်။
 
ကိုထက်အောင်ကို စစ်တွေတရားရုံးက ရမန်တပတ် ပေးထားပြီး အမှတ်(၁) ရဲစခန်း အချုပ်မှာ ချုပ်နှောင်ထားကာ အခုလာမယ့် နိုဝင်ဘာ ၁၃ ရက်မှာတော့ ပထမဆုံးအကြိမ် ရုံးထုတ်မယ်လို့ မိသားစုက ပြောပါတယ်။
 
” မိသားစုအနေနဲ့ တော်တော်စိုးရိမ်ပါတယ်။ တွေ့ခွင့်လည်း ရချင်တယ်။ သူ့ကို အမြန်ဆုံး လွတ်မြောက်စေချင်တယ် ” လို့ အဲဒီမိသားစုဝင်က ပြောပါတယ်။
 
ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၅) ဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေလည်းပါ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
 
ကိုထက်အောင်နဲ့အတူ DMG သတင်းဌာနက ရုံးစောင့်တဦးလည်း ဖမ်းဆီးခံခဲ့ရပြီး သူ့ကိုတော့ ဘယ်လိုအရေးယူထားတယ်ဆိုတာကို မသိရသေးဘူးလို့ DMG သတင်းဌာနက ဆိုပါတယ်။
 
စစ်ကောင်စီလက်အောက်ခံတွေဟာ ကိုထက်အောင်ကို ဖမ်းဆီးပြီးနောက် DMG ရုံးကိုခန်းကို လိုက်ပြခိုင်းကာ ရုံးစောင့်ကိုပါ ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်သား၊ ရဲ၊ SB တွေအပါအဝင် အင်အား နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ သိန်းတထောင်ဝန်းကျင်တန်ဖိုးရှိတဲ့ ကင်မရာ၊ ကွန်ပျူတာ စတဲ့ရုံးပစ္စည်းတွေကိုလည်း ယူသွားပြီး ရုံးကိုပါ ချိတ်ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
သတင်းဌာနအနေနဲ့ကတော့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးစောင့်တို့ လွတ်မြောက်ရေးကိစ္စ ရုံးတွင်း ဆွေးနွေး၊ ကြိုးစားနေကြတယ်လို့ DMG သတင်းဌာန ပြောခွင့်ရ ကိုဇော်ဇော်က ပြောပါတယ်။
 
ဒီလို ဖမ်းဆီးတာဟာ လက်နက်အားကိုး၊ အနိုင်ကျင့်တာဖြစ်လို့ ရှုတ်ချတယ်လို့လည်း သူက ဆိုပါတယ်။
 
” အနုကြမ်းစီးတယ်လို့ပဲ မြင်တယ်။ လက်နက်အားကိုး၊ လုပ်ပိုင်ခွင့်အားကိုးနဲ့ နိုင်ထက်စီးနင်း ပြုတာပေ့ါ။ သတင်းမီဒီယာဆိုတာ တိုင်းပြည်တခုမှာ စတုတ္ထမဏ္ဍိုင်အနေနဲ့ ရှိနေတာ။ ဒါကို ဒီလောက် မျက်မုန်းကျိုးပြီး အင်အားသုံးဖြေရှင်းရလောက်အောင် ကျွန်တော်တို့က အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေကြတာလည်း မဟုတ်ဘူး ” လို့ ကိုဇော်ဇော်က ပြောပါတယ်။
 
အာဏာသိမ်းမှုဖြစ်ဖို့ ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း DMG သတင်းဌနက သတင်းသမားနှစ်ဦးကို စစ်တပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့သလို ၂၀၁၉ ခုနှစ်ကလည်း အဲဒီသတင်းဌာန အယ်ဒီတာချုပ်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမား ၄၂ ဦးကို ဖမ်းဆီးထားကာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ နိုင်ငံတကာသတင်းသမားများကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ CPJ က ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် တလကျော်အကြာမှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုကို ထုတ်ဝေခွင့်ပိတ်ခဲ့သလို လက်ရှိအချိန်အထိ သတင်းဌာန ၁၄ ခုထက်မနည်းကို ထုတ်ဝေခွင့်တွေ ပိတ်သိမ်းထားပါတယ်။
 
အလားတူပဲ ရခိုင်အခြေစိုက်သတင်းဌာနတွေဖြစ်ကြတဲ့ Western News ၊ Narinjara သတင်းဌာနတာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက အမှုဖွင့်၊ ဖမ်းဝရမ်းတွေ ထုတ်ခဲ့ပါတယ်။
 
မီဒီယာတွေကို သတင်းရေးသား၊ ထုတ်လုပ်လို့မရအောင် ခြိမ်းခြောက်၊ လုပ်ကြံတာတွေ အများကြီးရှိနေပြီး အခု DMG သတင်းဌာနကို ချိတ်ပိတ်၊ သတင်းထောက်ကို ဖမ်းဆီးတာဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်အခြေစိုက် Wesrern News တာဝန်ရှိသူက ဆိုပါတယ်။
 
” ဒါက သတင်းမှန်တွေကို သိရှိအောင် ပြည်သူတွေက နားစွင့်နေတာကို သူတို့ (စစ်ကောင်စီ) ပိတ်လိုက်တယ်လို့ ပြောလို့ရတာပေ့ါနော်။ အထူးသဖြင့်ကတော့ ရခိုင်မှာ ရှိတဲ့ မီဒီယာတွေကို မျက်စိပိတ်၊ နားပိတ်လုပ်လိုက်တယ်လို့ ပြောလို့ရတယ် ” လို့ Western News သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက မှတ်ချက်ပြုပါတယ်။
 
ဓာတ်ပုံ – Htet Aung/Facebook