လက်ယက်ကုန်းမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတဦး သေဆုံးပြီး လေးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၂
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ထဲကို နိုဝင်ဘာ ၁ ရက်၊ မနေ့ ညနေ ၆ ခန့်မှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ကလေးငယ်သုံးဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရေဦးမြို့အနောက်ဘက် ရွှေကျီးမင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်ယက်ကုန်းကျေးရွာထဲ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို သေဆုံးဒဏ်ရာရခဲ့တာပါ။
 
“ ပြည်သူနေတဲ့ အိမ်ပေါ့ ကျတာပေါ့။ အဲ့အိမ်ကို အလည်ရောက်နေတဲ့ ခဏလာလည်နေတဲ့ အမျိုးသမီးတဦးပေါ့။ အမျိုးသမီးတဦး အဲ့နေရာမှာ တင်ပွဲချင်းပြီး သေဆုံးခဲ့တာ “ လို့ ဒီပဲယင်းမြို့နယ်-စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
လက်နက်ကြီးကြောင့် အသက် လေးဆယ်ကျော်အရွယ် ဒေါ်ဆိတ် (ခေါ်) ဒေါ်ချယ်ရီအေး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ ငါးနှစ်အရွယ် ကလေးတဦးနဲ့ ၁၆ နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
 
ဒဏ်ရာရသူတွေကို လက်ရှိမှာ ဆေးကုသမှု ပေးနေပေမယ့် အသက် ငါးနှစ်အရွယ် ကလေးငယ်ကတော့ ဦးခေါင်းထဲ လက်နက်ကြီးစ ဝင်ရောက်ခဲ့တာကြောင့် စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေတယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
စစ်ကောင်စီတပ်က အခုလို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော၊ ညောင်ကြီးကုန်း၊ အောင်ချမ်းသာ၊ ဝဘာ စတဲ့ကျေးရွာတွေအပါအဝင် အနီးအနားက ကျေးရွာတချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်မှာ အမျိုးသားရှစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံ ၁၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီးခံခဲ့ရသူ ၁၉ ဦးထဲက ကိုးဦးကိုသာ ပြန်လွှတ်ပေးကာ ကျန်ရှိတဲ့ ဒေသခံဆယ်ဦးထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေပြီး လက်ရှိချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒီပဲယင်းမြို့နယ်-စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း ရေဦးမြို့နယ်၊ မစိုးရိမ်ရွာကို ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး၊ အရပ်သား နှစ်ဦး၊ စုစုပေါင်း လူလေးဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းနဲ့ စာသင်ကျောင်းကို ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးအပါအဝင် ၁၃ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ