မှိုအဆိပ်သင့်ပြီး လူသုံးဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ဟင်းချက်သူ အမျိုးသမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

နိုဝင်ဘာ ၊ ၂

ဩစတြေးလျမှာ မှိုအဆိပ်သင့်ပြီး လူသုံးဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ အမျိုးသမီး တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဗစ်တိုးရီးယား ပြည်နယ်ထဲက လီယွန်ဂါသာဆိုတဲ့ မြို့လေးမှာ ဇူလိုင်လတုန်းက မှိုတွေစားပြီး အဆိပ်သင့်လို့ လူသုံးဦး သေဆုံးပြီး စတုတ္ထ တယောက်က အရေးပေါ် အခြေအနေနဲ့ ဆေးရုံ တက်ခဲ့ရပါတယ်။

အဲဒီတုန်းက မှိုဟင်းကို နေ့လယ်စာအဖြစ် တင်ခင်းခဲ့သူ အသက် ၄၉ နှစ်အရွယ် အီရင် ပက်တန်ဆန်ကို ရဲတွေက နိုဝင်ဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို လောလောဆယ် စွဲချက်တော့ မတင်သေးပါဘူး။

အီရင်ကတော့ သူ့မှာ ဘာအပြစ်မှ မရှိကြောင်းနဲ့ အဆိပ်ရှိတဲ့ မှိုဟင်းကို ရည်ရွယ်ချက်ရှိရှိ ချက်ကျွေးခဲ့တာ လုံးဝ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က အမျိုးသမီးကို အထူးစုံစမ်းရေး အရာရှိတွေက မေးမြန်းနေပြီး သူ့အိမ်ကိုလည်း ရှာဖွေခွင့် ဝရမ်း လျှောက်ထားခဲ့ကြောင်း ပြောပါတယ်။

လူသတ်မှု အထူးစုံထောက် တဦးဖြစ်တဲ့ ဒင်းသောမတ်စ်က ဖြစ်စဉ်ကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ မှိုဟင်းစားပြီး လူသုံးဦး သေသွားခဲ့တာက ထင်သလောက် ရိုးရှင်းမနေဘူးလို့ ပြောပါတယ်။

မှိုဟင်းကြောင့် လူလေးဦး အပြင်းအထန် ဖျားနာပြီး ဇူလိုင် ၃၀ မှာ ဆေးရုံ တက်ခဲ့ရတဲ့နောက် အီရင့် ခင်ပွန်းဟောင်းရဲ့ မိဘတွေဖြစ်တဲ့ အသက် ၇၀ အရွယ်စီ ရှိကြတဲ့ ဒွန်ပက်တာဆန်နဲ့ ဂေးလ်ပက်တာဆန်တို့အပြင် ဂေးလ်ရဲ့ ညီမဖြစ်သူ ဟီသာ ဝီလ်ကင်ဆန်ပါ သေဆုံးသွားခဲ့ပါတယ်။ ဟီသာရဲ့ မတ်တော်စပ်သူ အီယန် ဝီလ်ကင်ဆန်ကတော့ အခုအခါ ပြန်လည် ကျန်းမာလာခဲ့ပါပြီ။

အီရင်ကတော့ သူကိုယ်တိုင် မှိုဟင်းကို စားမိခဲ့ပြီး ဗိုက်နာလာလို့ ဆေးရုံရောက်ခဲ့တယ် ဆိုတာကို အလီဘိုင် ပြသထားပါတယ်။ သူဟာ အသည်းထိခိုက်နိုင်တဲ့ထိ ဖြစ်သွားခဲ့လို့ ဆေးသွင်း ကုသမှု ခံခဲ့ရတယ်လို့လည်း အီရင်က ပြောပါတယ်။

အီရင်ရဲ့ အဆိုအရ သူဟာ စူပါမားကက် တခုကနေ ဝယ်ယူလာတဲ့ မှိုတွေနဲ့ အာရှ ကုန်စုံဆိုင် တခုက ဝယ်ယူခဲ့တဲ့ မှိုခြောက်တွေကို ရောနှောပြီး အမဲသားနဲ့ ရောနှော ချက်ပြုတ်ခဲ့တာလို့ သိရပါတယ်။