မြိုု့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီဝန်ခံ

နိုဝင်ဘာ ၊ ၂

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းမြောက်က မြို့နယ်သုံးမြို့လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားလိုုက်ပါတယ်။

‘’ ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေလက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါတယ် “ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့ပေမယ့် တချို့သောသတင်းမီဒီယာတွေမှာရေးသားသလို ရှမ်းပြည်မြောက်ပိုင်းက မြို့အားလုံးနီးပါး ကို မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက  ထိန်းချုပ်နိုင်တယ်ဆိုတာ မဟုတ်မှန်ဘူးလို့လည်း ဆက်လက် ပြောကြား ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုုက်ပွဲတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ ရက် မနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ အဲဒီလို ပြောဆို ထားတာပါ။

ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရခိုင့်တပ်တော်(AA) အပါအဝင် ပူးပေါင်းတပ်တွေက အောင်တိုဘာလ ၂၇ မှာ စစ်ဆင်ရေး ၁၀၂၇ နဲ့ ရှမ်းမြောက်မှာ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ် ပါတယ်။

အဲဒီလိုတိ်ုက်ခိုက်ရာမှာ မနေ့က အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ သိန္နီမြို့လေးမြို့ကို ထိ်န်းချုပ်ထားနိုင်ပြီး  စခန်းပေါင်းကိုးဆယ်ကျော်၊ တင့်ကားခြောက်စီးအပါအဝင် လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းသုံးဖွဲ့ရဲ့ထိုးစစ်ဟာ စစ်အာဏာသိမ်းချိန်က ဒီကနေ့အထိ အကြီးမားဆုံးစစ်ဆင်ရေးဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့မှာ လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်အဖို့ အခုမြောက်ပိုင်းအဖွဲ့ရဲ့ စစ်ဆင်ရေးဟာ စစ်ရေးအရသာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးအရလည်း ဆုံးရှုံးမှုဖြစ် ပါတယ်။

Photo-The Kokang