စစ်ဆင်ရေးခြောက်ရက်အတွင်း တပ်စခန်း ကိုးဆယ်နီးပါးသိမ်းပိုက်ပြီး မြို့ သုံးမြို့ကို ထိန်းချုပ် (အရပ်သား ထိခိုက်၊ သေဆုံးသူ ခြောက်ဆယ် ဝန်းကျင်နဲ့ စစ်ဘေးရှောင် နှစ်သောင်းကျော် ရှိလာ)

နိုဝင်ဘာ၊ ၁

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့စစ်ဆင်ရေး၁၀၂၇ ခြောက်ရက်အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၈၇ ခု ကို သိမ်းပိုက်ရရှိထားပြီး မြို့သုံးမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဟာ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ နမ့်ခမ်း၊ မုံးကိုး၊ ဖောင်းဆိုင်း၊ နောင်ချိုစတဲ့မြို့နယ်တို့အတွင်းမှဖြစ်ပြီး လွန်ခဲ့တဲ့ ရက်တွေကတည်းက သိမ်းယူထားခဲ့တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တို့ကိုလည်း ဒီကနေ့အထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသိမ်းပိုက်ရရှိထားတဲ့ စခန်းအရေအတွက်ဟာ အခု(ည ၉ နာရီ)သတင်းရေးသားနေချိန်အထိ နောက်ဆုံးထုတ်ပြန်ချက်တွေမှာ ဖော်ပြထာတဲ့အချက်အလက်တွေအရသာဖြစ်ပြီး သတင်းထုတ်ပြန်မှုမရှိသေးဘဲ သိမ်းပိုက်ရထားတဲ့ စခန်းတွေလည်း အများအပြားရှိနေနိုင်ပါသေးတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ရာချီ သေဆုံးကာ အလင်းဝင်၊ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူစစ်တို့လည်း တရက်ထက် တရက်ပိုများလာပြီး ရာချီရှိနေတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံချပ်ကာ ခြောက်စီးနဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများစွာလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နဲ့ ရခိုင်(AA)တို့ဟာ အောက်တိုဘာလ ၂၇ ရက် မနက်အစောပိုင်းကနေစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို နေ့ရော၊ ညပါ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ကြတာပါ။

အချိန်တိုအတွင်း တပ်စခန်းအမြာက်အမြားသိမ်းဆည်းခံနေရတဲ့ စစ်ကောင်စီဟာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေသုံးကာ အရပ်သားကျေးရွာတွေ၊ အနီးတဝိုက်တွေဆီ ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုကလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီ၊ လားရှိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ နမ္မတူ၊ မိုးကုတ်မြို့နယ်တို့မှာ လက်နက်ကြီးထိမှန်လို့ သေဆုံးရသူ နှစ်ဆယ်  ဦးထက်မနည်းနဲ့ ဒဏ်ရာရသူ လေးဆယ်ဝန်းကျင်အထိ ရှိနေပြီဖြစ်တယ်လို့ မြောက်ပိုင်းအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ DNA က စုဆောင်းထားတဲ့ အချက်အလက်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်ခတ်ထားကာ ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပြီး ထိမှန်သေဆုံးရသူအားလုံးနီးပါးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုကြပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တပ်စခန်းတွေ တိုက်ခိုက်၊ သိမ်းပိုက်ခံနေရတဲ့ ပန်ဆိုင်းမြို့ထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ အရပ်သား တဦး သေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ရေးသားထားကြပါတယ်။

ထို့အတူပဲ မနေ့က အောက်တိုဘာ ၃၁ ရက်မှာလည်း မြောက်ပိုင်းအဖွဲ့တွေဆီ သိမ်းပိုက်ခံထားရတဲ့ သိန္နီမြို့ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းသို့ ကျရောက်ကာ တဦးသေပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီလို စစ်ရေးအရှိန်မြှင့်လာတာ၊ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်တာ၊ အရပ်သားနေရာတွေဆီ ဦးတည်ပစ်ခတ်တာတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူအရေအတွက်ဟာလည်း နှစ်သောင်းကျော်အထိ ရှိနေပြီလို့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်၊ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဝပြည်နယ်အတွင်းသို့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဟာလည်း တစ်သောင်းဝန်းကျင်အထိ ရှိနေတယ်လို့ ဝအဖွဲ့(UWSA)က ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ပြည်သူတွေကို ကာကွယ်ဖို့၊ ဒေသတွင်း ပိုမိုထိန်းချုပ်နိုင်ဖို့၊ စစ်အာဏာရှင်အမြစ်ပြတ်ဖို့၊ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုလုပ်ငန်းတွေ ပပျောက်အောင်အရေးယူဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်ဆင်ရေးစခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေလည်း ပူပေါင်း ပါဝင် တိုက်ခိုက်နေကြပါတယ်