နတ်တလင်းမှာ ပျူစောထီးဆိုသူတဦး ပစ်သတ်ခံရလို့ သေဆုံး

နိုဝင်ဘာ၊ ၁

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ရဲလိုင်းကြေး ကောက်ပေးနေတဲ့ ပျူစောထီး အဖွဲ့ဝင်ဆိုသူတဦးကို မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားတယ်လို့ ပြည်ခရိုင် PDF တပ်ဖွဲ့က ပြောပါတယ်။
“ ဦးခေါင်းကို သုံးချက်၊ ကျောကုန်းကို နှစ်ချက်၊ ပေါင်း ငါးချက်ပစ်ခဲ့တာ၊ နေရာမှာပဲ သေသွားတယ် “ လို့ ပြည်ခရိုင်၊ PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်ရွာက အသက် ၄၅ နှစ်အရွယ် ကိုချစ်ကို ဆိုသူဖြစ်ပြီး ဆိုင်ကယ်ကယ်ရီ စီးလာချိန် ထိပ်ပိတ်ရွာနဲ့ ဗူးကြီးရွာအကြားမှာ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကိုချစ်ကိုဟာ ပျူစောထီးခေါင်းဆောင် တဦးဖြစ်သလို တော်လှန်ရေးသမားတွေနဲ့ မိသားစုတွေကို ကျေးရွာအတွင်း နေထိုင်လို့မရအောင် စစ်ကောင်စီကို သတင်းပေး တိုင်းတန်းတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြည်ခရိုင်၊ PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ပေါင်းတည်မြို့အဝင်အထွက် ဂိတ်တွေကို စောင့်ပေးတာ၊ ဆိုင်ကယ် ဖမ်းဆီးရာမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လိုက်ပါဆောင်ရွက်တာတွေ လုပ်နေတာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။
သေဆုံးသူဟာ ပျူစောထီးအဖွဲ့ဝင် ဖြစ်တယ်ဆိုတာနဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပစ်ခတ်မှုအတွင်း သေဆုံးသူ ငှားရမ်းစီးနင်းလာတဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူဟာလည်း တင်ပါး၊ ရင်ဘက်နဲ့ ကျောကုန်းတို့မှာ သေနတ်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကိုတော့ အဲဒီနေ့ညနေပိုင်းမှာပဲ စစ်ကောင်စီက လာရောက်ကောက်ယူသွားယူပြီး တာပွန်ဆေးရုံကို ပို့ဆောင်ခဲ့ကာ ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်ခရိုင်၊ PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄) ပြည်တော်ဝင်မြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆေးရေး အဖြစ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပြည်သူ့စစ် ဒါမှမဟုတ် ပျူစောထီးအဖွဲ့ဝင်လို့ ဆိုသူတွေ စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံရသူတွေ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ မကြာမကြာဖြစ်နေတာပါ။
စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် အခုနှစ်အောက်တိုဘာလအထိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၂၅ ဦး၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နိုင်ငံရေးပါတီဝင်တွေအပါအဝင် ၆၆၀၀ ကျော် ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်မှာ ပျူစောထီး ဆိုသူနှစ်ဦးကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၆) Black Dragon (GBK –PDF) အဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media