ချင်းရွှေဟော်ဒေသခံတွေကို ကိုးကန့်တပ် (MNDAA) တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးဆိုတဲ့ သတင်းမှား

နိုဝင်ဘာ၊ ၁

ရှမ်းပြည်နယ်၊ ချင်းရွှေ‌ဟော်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ကိုးကန့်တပ် MNDAA က  ထိန်းချုပ်ပြီးတဲ့နောက် ချင်းရွှေဟော်မြို့ထဲက ဒေသခံပြည်သူတွေနဲ့ လောင်းကစားဝိုင်းမှာ အလုပ်လုပ်နေတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တဲ့ ဗွီဒီယိုတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ရှမ်း‌မြောက်ပိုင်းမှာ ကိုးကန့်တပ် (MNTJP/MNDAA)၊ တအာင်းတပ် (PSLF/TNLA)၊ ရက္ခိုင်တပ် (ULA/AA) တို့က ဒီလ၂၇ ရက်က စစ်ဆင်ရေး ၁၀၂၇ ကို စတင်ပြီးနောက် စစ်ကောင်စီလော်ဘီ ချန်နယ်တွေကနေ တော်လှန်ရေးအဖွဲ့စည်းတွေကို  ပုံဖျက်လုပ်ကြံသတင်းတွေကို ဆိုရှယ်အသုံးပြုသူတွေကြား ဖြန့်ဝေနေခဲ့တာပါ။

စစ်ကောင်စီလော်ဘီ ချန်နယ်ဘီချန်နယ်တခုဖြစ်တဲ့ Ko Thet ချန်နယ်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်မှာ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ ပြည်သူတွေဘေးမှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ အဲ့ဗွီဒီယို ကို ဖြန့်ဝေထားတာပါ။

“ MNDAA အကြမ်းဖက်စစ်သွေးကြွများ ချင်းရွှေဟော်မြို့က ပြည်သူများကို ဓားစာခံလုပ် ဖမ်းဆီး ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၂,၂၄၅ ဦး၊ Reaction ပြုလုပ်သူ ၅၀၇ ဦးနဲ့ ပြန်လည်မျှဝေသူ ၆၂ ဦးထိရှိကာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့မှုအားကောင်းနေတာပါ။

DNA Fact Check အဖွဲ့ကနေ အဲဒီပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်တဲ့အခါမှာ ချင်းရွှေ‌ဟော်မှာ စစ်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ‌ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တဲ့ ဗွီဒီယိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ ယောက်ျားတယောက်ရဲ့ တရုပ်စကားနဲ့ အလောတကြီးသွားနေတဲ့ လူအုပ်ကို မလောဖို့၊ မကြောက်ဖို့နဲ့ လုံခြုံတယ်ဆိုတဲ့ အကြောင်းကို တရုတ်ဘာသာစကားနဲ့ လှမ်းသတိပေးနေတဲ့ အသံပါဝင်ပြီး အမိန့်ပေးနေတာမဟုတ်ကြောင်း သိရပါတယ်။

“ ကျွန်တော်ကောင်မလေးက အဲ့လူအုပ်ထဲမှာ ပါတယ်၊ သူတို့က ဝပြည်၊ နန့်သစ်ဘက်ကို သွားနေတာ၊ သူတို့ပို့ပေးတဲ့ နေရာက ‌အေးချမ်းပါတယ်။ ကယ်ဆယ်ရေးစခန်းလို့တော့ ပြောတယ်၊ ဖုန်းလိုင်းသိပ်မရတော့ သေချာမမေးဖြစ်သေးဘူး ” လို့ အဲဒီလူအုပ်ထဲမှာပါတဲ့ မိန်းကလေးတယောက်ရဲ့ ချစ်သူကပြောပါတယ်။

ဒါ့အပြင် ကိုးကန့် (MNDAA)တပ်တွေက စစ်ရှောင်တွေကို ကူညီလိုက်ပို့‌ပေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ ကျွန်တော့်သူငယ်ချင်းတွေကို ကိုးကန့်ကကိုယ်တိုင် ကားနဲ့ နန်းသစ်ထိ လိုက်ပို့ပေးတာ၊ သူတို့ဆို မြို့ပြင်အဝေးမှာ ဒုက္ခရောက်နေတာ၊ ကူညီပေးကြတယ်လေ ကိုးကန့်တပ်ဖွဲ့က၊ ဖြန့်တဲ့သူတွေက တဖက်ပိတ်တွေ အမရဲ့” လို့ အဲ့ဒီ့လူအုပ်ထဲက လူအချို့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီဗွီဒီယိုဖိုင်ကို Kachin News Group မှ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ချင်းရွှေဟော်မြို့ကို MNDAA ကိုးကန့်တပ်က သိမ်းလိုက်ပြီးနောက် အဲဒီမြို့မှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ကာစီနို လောင်းကစားဝိုင်းက ဝန်ထန်းတွေ တရုတ်ပြည်ဘက်ကို စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြောင်း Kachin News Group က တင်ဆက်ထားတဲ့ ဒီသတင်းမှာ ကြည့်လို့ရပါတယ်။

ဒါ့အပြင် သျှမ်းသံတော်ဆင့်သတင်းဌာနက ဗမာပိုင်းအစီစဥ်ကနေလည်း “ ချင်းရွှေ‌ဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်း‌ရှောင်နေရ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ သတင်းတင်ဆက်မှုကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 DNA Fact Check Team ကို ဒီနေရာကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။