အောက်တိုဘာ ၊ ၃၁
လားရှိုးနဲ့ သိန္နီမြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့မိုင်းပါးတပ်စခန်းကို ထိုးစစ်ဆင် ချဉ်းကပ်နေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ စခန်းလုံးကျွတ် ထွက်ပြေးသွားတာကြောင့် ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ထုတ်ပြန်ပါတယ်။
TNLA တပ်တွေက အဲဒီမိုင်းပါးတပ်စခန်းကို မနေ့ကညပိုင်းမှာ အနီးကပ် ထိုးစစ်ဆင်ချဉ်းကပ်ခဲ့တာဖြစ်ပြီး ညသန်းခေါင်ကျော်အချိန်မှာ စစ်ကောင်စီဘက်က စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
လတ်တလော လားရှိုးမြို့ပတ်လည်မှာ ပစ်ခတ်သံတွေ ညတိုင်းကြားနေရပြီး နှစ်ဖက် အင်အားဖြည့်တင်းမှုတွေလည်း လုပ်နေကြတယ်လို့ လားရှိုးမြို့ ဒေသခံတဦးက ပြောပါတယ်။
“ ညပိုင်းကျတော့ ပစ်ခတ်မှုတွေက ရှိတယ်လေ၊ ရပ်ကွက် (၅) ဘက်ဆိုရင် သူတို့ (မဟာမိတ်အဖွဲ့) ၀င်လာတယ်၊ ဒီဘက်ကလည်း လက်နက်ကြီး ပစ်တာလည်း ရှိတယ်၊ အဲပတ်၀န်းကျင်က နည်းနည်းကြောက်ရတယ်၊ အဲဘက်က ဘုန်းကြီးကျောင်းတွေကို နည်းနည်း ရှောင်ခိုင်းထားတယ် ” လို့ သူကဆိုပါတယ်။
လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၅၀၇) တပ်နဲ့ နီးကပ်မှုရှိတဲ့ ရပ်ကွက်ကြီး (၅) အပါအ၀င် ရပ်ကွက်ကြီး (၁၂) အနောက်ခြမ်းနဲ့ အောင်သစ္စာရပ်ကွက် ဘက်တွေမှာ ညပိုင်းအချိန်တွေအတွင်း ပစ်ခတ်မှုတွေ ရှိနေတာလို့ သူကဆက်ပြောပါတယ်။
တအာင်းတပ်ကတော့ စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေတဲ့ အရပ်ဒေသ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို ပြည်သူတွေ အန္တရာယ်ကင်းစေဖို့အတွက် ခရီးသွားလာတာတွေ မလုပ်ဖို့နဲ့ မဖြစ်မနေ ခရီးသွားလာရမယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့တွေကို သတင်းပေးပြီး ခွင့်ပြုချက်တောင်းခံသွားဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်ပိုင်းကစတင်ပြီး လားရှိုးမြို့နယ်က စစ်ကောင်စီတပ်ရဲ့ မိုင်ကျက် တပ်စခန်းကိုလည်း တိုက်ခိုက်နေတယ်လို့ တအာင်းအမျိုးသားတပ်မတော် TNLA က ထုတ်ပြန်ထားပါသေးတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မပေးနိုင်တဲ့အတွက် လေကြောင်းကနေ ထောက်ပို့ပေးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပက်သက်ပြီး TNLA တပ်ရဲ့ ပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာတော့ မရှိသေးပါဘူး။
ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ငါးရက်အကြာ အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စတင်ခဲ့တဲ့ အဲဒီထိုးစစ်ဆင်မှုအတွင်း မဟာမိတ်တပ်တွေက ဒီကနေ့အထိ တရုတ်မြန်မာနယ်စပ် ချင်းရွှေဟော်မြို့နဲ့ ဖောင်းဆိုင်၊ သိန္နီမြို့ တို့ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီ တပ်စခန်း ရှစ်ဆယ်ဝန်းကျင်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – TNLA