ပေါက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို ထပ်မံသတ်ဖြတ်

အောက်တိုဘာ၊ ၃၁
 
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာမှာ စစ်ကောင်စီတပ် ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်က ဒေသခံ အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ပြီးနောက် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်တွေဆီက သိရပါတယ်။
 
“ သရက္ကန်ရွာကို စစ်ကြောင်းထိုးဝင်လာပြီး အရှင်လတ်လတ် နှိပ်စက်ရိုက်နှက်ပြီး သတ်သွားတာ “ လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လကျ်ာ ကပြောပါတယ်။
 
အင်အား နှစ်ရာ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သရက္ကန်ရွာကို စစ်ကြောင်းထိုးလာချိန် သူတို့စစ်ကြောင်းနဲ့ တိုးမိတဲ့ သရက္ကန်ရွာသားတွေဖြစ်တဲ့ မောင်အောင်မြင့်နိုင်နဲ့ မောင်အောင်ဇင်ထွေးတို့ သတ်ဖြတ်ခဲ့တာပါ။
 
တပ်မ (၁၀၁) အခြေစိုက်တဲ့ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ရိက္ခာလာပို့တဲ့ အဲဒီစစ်ကြောင်းဟာပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကနေစပြီး ပေါက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီး ၁၈ ရက်နဲ့ ၂၂ ရက်ကလည်း ဒေသခံအမျိုးသားလေးဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ စစ်ရှောင်နေရပါတယ်။
 
စစ်ရှောင်တွေဟာ လက်ရှိချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပြီး မိုးရွာသွန်းမှုကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေသလို ဆောင်းဝင်လာတဲ့အတွက် အနွေးထည်၊ စောင် စတာတွေလည်း အရေးပေါ်လိုအပ်နေတာပါ။
 
အဲဒီလို ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အဲဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး သရက္ကန်ရွာကနေတဆင့် တောင်လုံးကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို တပ်စွဲခဲ့တဲ့ အဲဒီစစ်ကောင်စီတပ်ဟာ မနေ့က မနက် ၆ နာရီခန့်မှာ တောင်လုံးကြီးရွာကနေတဆင့် ကံသစ်ကျေးရွာကို လက်နက်ကြီးနဲ့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်‌ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဗိုလ်လက်ျာက ဆိုပါတယ်။
 
“ သူတို့ ကံသစ်ရွာရဲ့မြောက်ဘက်ကနေ ၄၀ မမ ပစ်ပြီး ဝင်လာတာပေါ့။ အဲ့ဒါကို ကျွန်တော်တို့က အသင့်ပြင်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ အသေဆုံးကတော့ ရှိနိုင်တယ် “လို့ သူကဆိုပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကံသစ်ရွာထဲ ဝင်ရောက်ခဲ့ပြီး အရပ်သားပိုင် ပစ္စည်းတွေကိုလည်း တအိမ်တက်တအိမ်ဆင်း ယူဆောင်သွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ကံသစ်ရွာထဲမှာ ရှိနေပြီး တိုက်ပွဲအချိန်မရွေးဆက်ဖြစ်လာနိုင်တာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နိုင်ဖို့ကို ကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ