အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရလို့ သေဆုံးပြန်

အောက်တိုဘာ၊ ၃၀
 
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာ အုပ်စု၊ ချောင်းခွ (ကေ)ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အောက်တိုဘာ ၂၉ ရက်၊ မနေ့က မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်
 
“ သူကို လုပ်ဖို့ချောင်းနေတဲ့ အဖွဲ့တွေက သုံးဖွဲ့တောင်ရှိတယ်။ မနေ့က မှ အိမ်ပြန်လာတယ်သတင်းရလို့ သွားပစ်တာပေါ့ “ လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပြီးနောက် တလအတွင်း ဒုတိယမြောက်ဖြစ်ပါတယ်။
 
သေဆုံးသူ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ ဦးမြင့်ကျော်ဟာ အုတ်ဖိုမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရလို့ ရှောင်တိမ်းနေရာက ပြန်လာပြီး သူ့အမျိုးသမီးနဲ့ ချောင်းခွရွာထိပ်ကို ဆိုင်ကယ်နဲ့ ထွက်လာစဉ် ပစ်ခတ်ခံခဲ့ရလို့ နေရာမှာတင် သေဆုံးခဲ့တာပါ။
 
” သူ့ မိန်းမကိုတော့ ဘာမှမလုပ်ဘူး။ သူ့ကိုပဲ ကျွန်တော်တို့ပစ်ခဲ့တာ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်
 
သေဆုံးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ဆိုင်ကယ်တစီး သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်က သူ့ကို သေနတ်နဲ့ လက်ပစ်ဗုံး ပေးထားပေမယ့် ‌သေဆုံးချိန်မှာ မတွေ့ရှိတာကြောင့် သိမ်းဆည်းနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
 
ဦးမြင့်ကျော်ဟာ စစ်တပ်ထောက်ခံ အမာခံတဦး ဖြစ်သလို နယ်ထိန်း ဇော်ထွန်းဝင်းနဲ့ပေါင်းပြီး ‌ဒေသခံ လူငယ်တွေကို ရဲနဲ့ စစ်တပ်ထဲ ဝင်ရန် စည်းရုံးလုပ်ဆောင်သူ ဖြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက ဆိုပါတယ််။
 
ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေရဲ့သတင်းအချက်အလက်တွေကိုလည်း ထောက်လှမ်းပေးပို့တာတွေ လုပ်ဆောင်ပေးသလို ဒေသခံတွေကိုလည်း လက်နက်နဲ့ခြိမ်းခြောက်ပြီး ဖမ်းဆီးအနိုင်ကျင့်တာတွေ ပြုလုပ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
 
အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကားနှစ်စီးနဲ့ လာရောက်သယ်ဆောင်သွားကာ ဒေသခံတချို့ကို လည်းစစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အခြေခံအုပ်ချုပ်ရေးထောက်တိုင်အဖြစ် သတ်မှတ်ထားတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်ကို သတင်းပေးတာ၊ အရပ်သားတွေ ဖိနှိပ်တယ်ဆိုတဲ့ အချက်တွေနဲ့ မကြာခဏ လုပ်ကြံသတ်ဖြတ်လေ့ ရှိကြပါတယ်။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ လက်ချက်နဲ့ သေဆုံးသူပေါင်း ခြောက်ထောင်ကျော်မှာ အုပ်ချုပ်ရေးမှူးပေါင်း ၈၂၅ ဦး ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)