အမေရိကန်နဲ့ တောင်ကိုရီးယား စစ်လေယာဉ် ရာနဲ့ချီ ပူးပေါင်းပျံသန်းပြီး စစ်ရေးလေ့ကျင့်

အောက်တိုဘာ၊ ၃၀

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ၂၄ နာရီအတွင်း စစ်လေယာဉ် အစီးရေ ရာနဲ့ချီ ပူးပေါင်း ပျံသန်းတဲ့ စစ်ရေး လေ့ကျင့်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။

မဟာမိတ် နှစ်နိုင်ငံ နှစ်စဉ် ပူးတွဲ လုပ်ဆောင်လေ့ရှိတဲ့ Vigilant Defenceရဲ့ အခုနှစ် အစီအစဉ်ဟာ နိုဝင်ဘာ ၃ ရက်ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃၀ မှာတော့ နှစ်နိုင်ငံပေါင်း စစ်လေယာဉ် အစီး ၁၃၀ လောက် ပါဝင်တဲ့ အကြီးစား လေကြောင်းချီ တိုက်ခိုက်ရေး လေ့ကျင့်မှု တခုကို လုပ်ဆောင်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ ပြုလုပ်တဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံလုံးရဲ့ F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေပါ ပါဝင် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ လေတပ်တွေ ချိတ်ဆက်ပြီး ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်တဲ့ မစ်ရှင်မျိုးတွေကို ကျည်အစစ်တွေနဲ့ လက်တွေ့ သရုပ်တူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်သူရဲ့ လေကြောင်း ကျူးကျော် တိုက်ခိုက်မှုတွေကို တုံ့ပြန် ကာကွယ်ပုံတွေနဲ့ အရေးပေါ် စစ်ဆင်ရေး လုပ်ဆောင်မှုတွေကိုပါ နှစ်နိုင်ငံ လေတပ်ချင်း ချိတ်ဆက် လေ့ကျင့်ခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ဘယ်လို ရန်စမှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန် အပြစ်ပေးနိုင်မယ့် အမြင့်ဆုံး စစ်ရေးစွမ်းရည်မျိုးကို ထိန်းသိမ်းဖို့အတွက် စစ်ပွဲနဲ့ သရုပ်တူ လက်တွေ့ လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် စီမံ လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

မြောက်ကိုရီးယားက ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တဆင့်ချင်းစီ မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်း အကြာမှာ အမေရိကန်နဲ့ တောင်ကိုရီးယား လေတပ်တွေ အင်အား အလုံးအရင်းနဲ့ ပူးပေါင်းပျံသန်း လေ့ကျင့်မှုကို တွေ့မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေးက ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့ အခြေအနေမှာ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အားကောင်းတဲ့ မဟာဗျူဟာ အဆင့်မျိုးထိ တိုးမြှင့် ဖြန့်ကျက်သွားမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

 

Ref: CNA