ပေါင်မြို့မှာ ပစ္စတိုသေနတ်ခါးကြားထိုးလာတဲ့ အမျိုးသားတဦးဖမ်းဆီးခံရ

အောက်တိုဘာ၊ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့ ရန်ကုန်-မော်လမြိင်ကားလမ်းမပေါ် မြို့အဝင် စည်ပင်တိုးဂိတ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမျိုးသားတဦးဆီက ပစ္စတိုသေနတ်တွေ့တာကြောင့်စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ မြို့ခံတွေကပြောပပါတယ်။

“ပစ္စတိုသေနတ်ကို ခါးကြားထိုးပြီး ဆိုင်ကယ်မောင်းလာတာ၊ရဲတို့ စစ်သားတို့ စစ်ဆေးနေတာ တွေ့သွားတာ” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။

သေနတ်နဲ့အတူ ဖမ်းဆီးခံရတဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မော်လမြိုင်မြို့နေ ကိုထွန်းနိုင်ဆိုသူဖြစ်ပြီး သူဟာ မော်လမြိုင်ကနေ ပေါင်မြို့ဘက်ကို တဦးတည်းဆိုင်ကယ်မောင်းနှင်လာချိန် ပေါင်မြို့ ကဒုံးစီရပ်ကွက် ကစည်ပင် တိုးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ကိုထွန်းနိုင်ကို စစ်ဆေးရာမှာ ခါးကြားထိုးလာတဲ့USA နိုင်ငံလုပ် (9 MM) ပစ္စတို တလက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၂၉ တောင့်နဲ့ ဆက်ပစ္စည်းတွေကို ရှာဖွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 လက်ရှိ ကိုထွန်းနိုင်ကို တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်မှုနဲ့ ပေါင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး စစ်ဆေး မှုတွေ လုပ်နေတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူက ဒီအတိုင်းဝယ်ကိုင်ထားတာလို့ ထွက်ဆိုထားတယ်ပေါ့၊စစ်ဆေးမှုတွေကတော့ လုပ်နေတုန်းပဲ၊ မပြီးသေး ဘူး” လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ကိုထွန်းနိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ဝါဒဖြန့်ဖော်ပြတာတွေရှိနေပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အခုစစ်ကောင်စီက ဖမ်းဆီးထား တဲ့ကိုထွန်းနိုင်ဆိုသူကိုမသိသလိုပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုကြပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာ မကြာဖြစ် ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေကမြို့အဝင်အထွက် နေရာအနှံ့မှာ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။