မော်လမြိုင်က အထက်တန်းကျောင်း မီးလောင်မှုအတွက် တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦးနဲ့မိသားစု ဖမ်းဆီးခံထားရ

အောက်တိုဘာ ၊ ၂၈

မွန်ပြည်နယ်၊မော်လမြိုင်မြို့က နှစ်ပေါင်း ၁၂၀ကျော်သက်တမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုနဲ့ပတ်သက်လို့ အဲ့ဒီကျောင်းက Grade-12(တက္ကသိုလ်ဝင်တန်း)ကျောင်း သူတဦးနဲ့မိသားစု ဝင်တွေ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့ကတော့ သံသယရှိလို့ ဖမ်းခေါ်သွားတာပဲ၊ သူလုပ်တာဆိုပြီး ပြောတာပေါ့” လို့ ဖမ်းဆီးခံရတဲ့ကျောင်းသူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့အဲ့ဒီအထက်တန်းကျောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် မနက်သုံးနာရီလောက်ကမီးလောင်ခဲ့တာကြောင့် ကျောင်းဆောင်တဆောင်နဲ့ ဓမ္မာရုံတလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုနဲ့ပတ်သက်လို့ အဲ့ဒီအထက်တန်းကျောင်းမှာပဲ တက်ရောက်သင်ကြားနေတဲ့ Grade-12(B)က ကျောင်းသူတဦးနဲ့ သူ့ရဲ့မိသားစုဝင်တွေကို မော်လမြိုင် မြို့မရဲစခန်းမှာ စစ်ဆေးခဲ့သလို လက်ရှိမှာတော့ စစ်တပ်က စစ်ကြောရေးတခုကိုခေါ်သွားတယ်လို့  မော်လမြိုင်ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီကျောင်းသူနဲ့မိသားစုဝင်တွေကို  အမှုဖွင့်ထားတာမရှိသေးဘူးလို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေမှာတော့ စာသင်ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေး တွေ့ရှိချက်တွေအရ ကျောင်းသူမိန်းကလေးကို  ဖမ်းဆီးထားတာလို့ ဖော်ပြထားပါတယ်။

CCTV မှတ်တမ်းတွေပြန်ကြည့်စစ်ဆေးချက်အရ စာသင်ကျောင်းမီးလောင်မှုမဖြစ်ခင် နှစ်နာရီလောက်အလိုမှာ စက်ဘီးစီးလာတဲ့အမျိုးသမီးငယ်တဦး အဲ့ဒီကျောင်းဘက်ဝင်သွားတာတွေ့ရပြီး ဆက်လက်စုံစမ်းရာမှာ Grade – 12 (B)ကကျောင်းသူဖြစ်နေတာတွေ့ရလို့ဖမ်းဆီးတာလို့ စစ်ကောင်စီကဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကလည်း ဒီမီးလောင်မှုဖြစ်စဉ်ဟာ အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ PDF တွေရဲ့ စေခိုင်းချက်ဖြစ်ခဲ့တာဆိုပြီး ဝါဒဖြန့်ဖော်ပြမှုတွေလုပ်နေကြပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသူမိန်းကလေးရဲ့ မိသားစုနဲ့ နီးစပ်တဲ့ မော်လမြိုင်မြို့ခံတဦးကတော့ အခုလိုစွပ်စွဲချက်တွေ အပေါ်လက်မခံနိုင်တဲ့အကြောင်း DNAကိုပြောပါတယ်။

“ကလေးမလေးက ကျောင်းက ဆရာ/ဆရာမတွေနဲ့ ကျောင်းသူငယ်ချင်းတွေကြားမှာလည်းအဆင်မပြေတာမျိုး မရှိခဲ့ဘူး၊ အခုလို ဖြစ်ရပ်မျိုးက ကလေးကို စွပ်စွဲပြီး ပြောဆိုနေတာက မဖြစ်သင့်ဘူး” လို့ သူကပြောပါတယ်။

လက်ရှိမော်လမြိုင်မြို့နယ်မှာ ည ၁၂ နာရီကနေ မနက်လေးနာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားဆဲ ဖြစ် တာကြောင့် အဲ့ဒီကာလအပိုင်းအခြားအတွင်းမှာ ကျောင်းသူမိန်းကလေးငယ်တဦးတည်း စာသင်ကျောင်းမီးရှို့မှု ကျူးလွန်ခဲ့တယ်ဆိုတာဟာမဖြစ်နိုင်ဘူးလို့ မြို့ခံတွေကြား သုံးသပ်ပြောဆိုကြတာတွေလည်းရှိနေပါတယ်။

“သေချာစစ်ဆေးပေးစေလိုတယ်၊တခြားဘာမှ မဆိုင်ဘဲဖမ်းဆီးခံနေရတာက ကလေးအတွက် ဘာကောင်းကျိုးမှ မရှိဘူး၊နောက်ပြီး ခုနိုင်ငံရေးအခြေအနေကို အကြောင်းပြပြီး အစုအဖွဲ့တခုကို အပြစ်ပုံချတာမျိုးလည်း မလုပ် စေ ချင်ဘူး” လို့ မော်လမြိုင် အမှတ်(၉)အထက်တန်းကျောင်းက ကျောင်းသားဟောင်းတဦးက ပြောပါတယ်။

အခုမီးလောင်ခဲ့တဲ့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက် မနက်အစော ပိုင်းကလည်း ပထမအကြမ် မီးလောင်မှုဖြစ်လို့ ပင်မကျောင်းဆောင်ကြီးနဲ့ သုံးထပ်ဆောင်တခုလုံး ပျက်စီး ဆုံးရှုံး ခဲ့သေးတယ်လို့သိရပါတယ်။

အဲ့ဒီစာသင်ကျောင်းဟာ ကိုလိုနီခေတ် ၁၈၉၉ခုနှစ်မှာ အမျိုးသားရေးစိတ်ဓာတ်ပြင်းပြတဲ့ သာသနာ့ဓရအသင်းက ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားကျောင်းအနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်းနှစ်ပေါင်း ၁၂၄နှစ်ရှိ နေပြီဖြစ်ပြီး ရှင်မဟာဗုဒ္ဓဃောသအထက်တန်းကျောင်းလို့လည်းလူသိများပါတယ်။