ပြည်ပရောက်လုပ်သားတွေတနှစ် ကန်ဒေါ်လာငါးသောင်းပြန်ပို့ရင် လျှပ်စစ်ကား/ဆိုင်ကယ်တင်သွင်းခွင့် ပေးမယ်လို့ဆိုပြန်

အောက်တိုဘာ ၊ ၂၈

သင်္ဘောသားတွေနဲ့ပြည်ပရောက်မြန်မာတွေအနေနဲ့ မိသားစုလွှဲပို့ငွေကို တရားဝင်လမ်းကြောင်းကနေ တနှစ် အမေရိကန်ဒေါ်လာ ငါးသောင်းပေးပို့ရင် လျှပ်စစ်ကားနဲ့လျှပ်စစ်ဆိုင်ကယ်တွေ တင်သွင်းပေးမယ်လို့ စစ်ကောင် စီက အရင်ကြေညာထားတဲ့နှုန်းထားကိုလျှော့ချသတ်မှတ်လိုက်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပရောက်မြန်မာတွေ တနှစ်ကို ကန် ဒေါ် လာ နှစ်သိန်းတရားဝင်ပြန်လွှဲပို့ရင် လျှပ်စစ်ကားနဲ့ဆိုင်ကယ် တနှစ်တစီးတင်သွင်းခွင့်ပေးမယ်လို့ အောက် တိုဘာ ၁၃ရက်က ထုတ်ပြန်ထားတာပါ။

နှစ်ပတ်လောက်အကြာ အခုရက်ပိုင်းမှာတော့ အဲ့ဒီမူလသတ်မှတ်ချက်ကို လေးဆလောက်အထိ လျှော့ချလိုက်ပြီး ပြည်ပရောက်မြန်မာတွေ မိသားစုလွှဲပို့ငွေကို တရားဝင်ပြန်လွှဲကြစေဖို့ ထပ်ပြီးမက်လုံးပေးစည်းရုံးလာတာ ဖြစ်ပါတယ်။

“နိုင်ငံခြားငွေမလွှဲလွှဲအောင်နည်းမျိုးစုံနဲ့စည်းရုံးနေတာ၊ပြည်ပရောက်မြန်မာအများစုကတော့ စိတ်မဝင်စားပါဘူး၊ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ဝယ်/ရောင်းပါမစ်ပြန်ရောင်းမယ့်သူတွေမရှိနိုင်ဘူးလို့လည်းမပြောနိုင်ဘူး”လို့ ​ဂျပန်နိုင်ငံ ရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။

စစ်​ကောင်စီရဲ့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကြေညာချက်မှာပြည်ပရှိ ပုံမှန်လစာရရှိသူတွေ သင်္ဘောသား​တွေအပါအဝင်တခြားဝင်ငွေရရှိသူတွေအနေနဲ့ တနှစ်အတွင်းအမေရိကန်ဒေါ်လာငါးသောင်းနဲ့ အ ထက်လွှဲပို့ရင် စုစုပေါင်းလွှဲပို့ငွေရဲ့ ငါးရာခိုင်နှုန်း တန်ဖိုးနဲ့ညီမျှတဲ့ လျှပ်စစ်ကား၊ဆိုင်ကယ်တနှစ်တစ်စီးနှုန်း ဝယ်ယူ တင်သွင်းခွင့်ပေးမယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။

တဦးတယောက်ချင်း သတ်မှတ်လွှဲပို့ငွေပမာဏမပြည့်ရင်တခြားသူတွေနဲ့စုပေါင်း တင်သွင်းခွင့်ပေးမယ်လို့လည်း ဆိုထားပါတယ်။

ဒါပေမယ့် ပြည်ပရောက်မြန်မာလုပ်သားအများစုကတော့ စစ်ကောင်စီအတွက်နိုင်ငံခြားငွေရလမ်းတခုဖြစ်လာမှာ မလိုလားတာကြောင့် တရားဝင်ငွေလွှဲဖို့ စိတ်ကူးမရှိဘူးလို့ ဆိုကြပါတယ်။

“တင်းခံလို့ရသလောက်တော့ ငွေမလွှဲဖို့ ပြင်ဆင်နေကြတယ်၊စကစ ဘက်ကလည်းဒါကိုကြိုသိလို့ နည်းမျိုးစုံနဲ့ အကျပ်ကိုင်လာတာတွေလည်းတွေ့ရတယ်၊ တော်လှန်ရေးကသိပ်မကျန်တော့တာ၊ ကျွန်တော်တို့က တော့မလွှဲ ဘူး”လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။

စစ်ကောင်စီအနေနဲ့နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားလာတာကြောင့် ပြည်ပရောက်မြန်မာတွေကိုမိသားစုဆီ တရားဝင်ငွေလွှဲပို့စေဖို့ အခုနှစ်အတွင်း နည်းလမ်းမျိုးစုံအသုံးပြု တွန်းအားပေးလာတယ်လို့ စောင့်ကြည့်လေ့ လာသူတွေကပြောပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုစီတရားဝင်လွှဲပို့ဖို့ စက်တင်ဘာလ ကစပြီးညွန်ကြားခဲ့သလို လစာဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ရမယ်ဆိုပြီးတော့လည်း စစ် ကောင်စီကအခွန်အကောက်ဥပဒေကိုပြင်ဆင်ခဲ့ပါတယ်။

အဲဒီလို ဝင်ငွေခွန်ပေးဆောင်ထားတဲ့ ထောက်ခံစာရှိမှ နိူင်ငံကူးလက်မှတ်သက်တမ်းတိုးတာ ခွင့်ပြုပေးမယ်ဆိုပြီး တော့လည်း အကျပ်ကိုင်ထားတာဖြစ်ပါတယ်။

 အဲဒီအကျပ်ကိုင်မှုကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားတွေအနေနဲ့ နိူင်ငံကူးလက်မှတ်သက်တမ်း တိုးနိုင် ဖို့အတွက် စစ်ကောင်စီကို အခွန်မဆောင်ချင်ဘဲဆောင်ရမယ့်အခြေအနေဖြစ်လာစေတယ်လို့ ဆိုကြပါတယ်။

လက်ရှိဌာနဆိုင်ရာ စာရင်းတွေအရ ပြည်ပနိုင်ငံအသီးသီးမှာမြန်မာနိုင်ငံသား လေးသန်းကျော်ရှိနေကာ ပင်လယ် ကူးသင်္ဘောသား ခြောက်သောင်းနီးပါးလည်းပါဝင်တာကြောင့် သူတို့ရဲ့နိုင်ငံခြားငွေဝင်ငွေဟာ စစ်ကောင်စီအတွက် မျက်စိကျစရာဖြစ်လာနေတာလို့စောင့်ကြည့်သူတွေကပြောပါတယ်။