အောက်တိုဘာ ၊ ၂၈
တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဆွေးနွေးရေးကိစ္စ ကြိုတင် သဘောတူညီမှုတွေ ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တဦးက ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ နောက်လကျရင် ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) ဖိုရမ်ရဲ့ သီးခြား အစီအစဉ် အနေနဲ့ တွေ့ဆုံကြမယ်လို့ အခုကိစ္စကို ပါဝင် ညှိနှိုင်းခဲ့တဲ့ အမေရိကန် အရာရှိ တဦးက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့တဲ့ ပြိုင်ဘက် စူပါပါဝါ နှစ်နိုင်ငံဟာ အောက်တိုဘာ ၂၇ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ရဲ့ တွေ့ဆုံမှုအတွင်း ထိပ်သီးတွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကိစ္စကို အကျေအလည် ညှိယူခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမှုမှာ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်လည်း တက်ရောက်ခဲ့ပါတယ်။
ရှီနဲ့ ဘိုင်ဒန်တို့ တွေ့ဆုံမယ့် ကိစ္စကို မူအားဖြင့် သဘောတူညီမှု ရထားပေမယ့် တွေ့ဆုံမယ့်နေ့၊ ခန်းမနဲ့ တခြား အသေးစိတ် အစီအစဉ်တွေကိုတော့ နှစ်ဖက် ဆက်လက် ညှိနှိုင်းရဦးမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာတော့ ဘိုင်ဒန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး တနာရီလောက် စကားပြောခဲ့ကြောင်း သိရပါတယ်။ ဘိုင်ဒန်က တရုတ်နဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပြိုင်ဆိုင်မှုတွေမှာ ပွင့်လင်းတဲ့ ဆက်သွယ်ရေး လမ်းကြောင်းမျိုး ထားရှိပြီး တာဝန်ယူနိုင်စွမ်း ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားဖို့ လိုတယ်ဆိုတာ ဝမ်ကို အသိပေး ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ဆန်ဖရန်ဆစ္စကိုမှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်ထိ ကျင်းပမယ့် အေပက်ညီလာခံကို ရှီတက်ရောက်မလား ဆိုတာနဲ့ ပတ်သက်လို့ တရုတ် အစိုးရကတော့ တရားဝင် သဘောထား မကြေညာသေးပါဘူး။ ဒါပေမဲ့ အခု သဘောတူညီမှုကြောင့် ရှီဟာ ညီလာခံ တက်ရောက်ဖို့ သေချာသလောက် ရှိသွားပြီလို့ ယူဆနိုင်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ကတော့ ဝါရှင်တန်မြို့ကို ၃ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတာဖြစ်ပြီး ဘလင်ကန်၊ ဆူလီဗန်တို့နဲ့ ဆွေးနွေးခဲ့တဲ့အပြင် သမ္မတ ဘိုင်ဒန်နဲ့ပါ တွေ့ဆုံခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။